Unicode - 73

5.4K 428 76
                                    

ခန်းဆီး လိုက်ကာစ ပါးပါးက လေကြောင့် တဖျတ်ဖျတ် လွင့်နေသည်။ တိုင်ကပ်နာရီမှ နာရီလက်တံ ရွေ့သံ တစ်ချက်ချက်။
    
အခုလေးတင် အိပ်ပျော်သွားသည့် သားသားလေးကို ရင်ခွင်ထဲ ချော့သိပ်နေရာမှ ရပ်ကာ ခုတင်ပေါ် ဖြည်းဖြည်းချင်း ချလိုက်သည်။ အိပ်ရာခင်းစနှင့် ထိချိန် နေယံလေးထံမှ အင်းခနဲ ညည်းတွားသံ တစ်ချက် ထွက်သွားသည်။

ဝေယံ ရင်တုန်သွား၏။

ပါးစပ်ထဲ ရှိရာ သားချော့တေး တစ်ပုဒ်ကို ခပ်တိုးတိုး ညည်းရင်း အမြန် ချော့မြူလိုက်ရသည်။ အိပ်မောကျသွားတာ သေချာမှ ထပ်ပြီး မနိုးအောင် သတိထား ဂရုစိုက်ရင်း ခေါင်း အောက် လက် ခံထားရာမှ ဖယ်လျက် ခေါင်းအုံး အသေးလေး တစ်ခု ညင်သာစွာ ခုပေးလိုက်သည်။

"ချစ်ဖို့ ကောင်းလိုက်တာ"

ခုတင်ပေါ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် နေယံလေးကို မြတ်နိုး တန်ဖိုးထားသည့် မျက်ဝန်းများဖြင့် ဝေယံ ငေးကြည့်မိသည်။ ဆံနွယ်နုနုလေးများက ထိုးထိုးထောင်ထောင်။ တချို့က နဖူးပေါ် ကျဆင်းနေသည်။ မျက်တောင်နက်နက်တို့မှာ ထူထူထဲထဲ ကော့ဆင်းနေပြီး ဝန်းဝိုင်း တောက်ပသည့် မျက်လုံးပြူးကြီးများကို ခိုင်ခိုင်မာမာ အလှဆင်ပေးထားသည်။ ယခုတော့ ရွှန်းလဲ့ လင်းဖြာသည့် မျက်လုံးများဟာ ပန်းနုရောင် မျက်ခွံ အောက် အနားယူနေကြသည်။
     
နူးညံ့ အေးစက်ပြီး ဖောင်းကားနေသည့် ပါးပြင်ကလေးမှာ နီနီထွေးထွေး။ ထိုပါးပြင်ကလေးကို ဝေယံ ချစ်သည်။ သွေးကြောမျှင်မျှင်များ ဖြတ်သန်း လှုပ်ခုန်ရာ ညာဘက် ပါးမို့မို့ အထက် စံပယ်တင် မှဲ့ကလေး ရှိသည့် နေရာကိုလည်း သူ ချစ်ရသည်။ ထိုနေရာလေးကို ငုံ့ကြည့်နေရင်းမှ နွေးလာသော နှုတ်ခမ်းများဖြင့် အသာလေး တိုးတိုးတိတ်တိတ် နမ်းလိုက်မိသည်။
    
မွှေးလည်း မွှေးပြီး အေးလည်း အေးသည့် ခံစားမှုကလေး။
    
ပါးပြင်ကို အနမ်း ပေးတာ မကြိုက်သည့် သားသားလေးကြောင့် အိပ်နေချိန်သာ ခိုးနမ်းနိုင်သည့် အခြေအနေကို တွေးမိလိုက်တာမို့ ဝေယံ မနေနိုင်စွာ ရယ်လိုက်မိသည်။
     
ဘဝထဲကို နေယံလေး ဝင်ရောက်လာချိန်က စပြီး မေတ္တာ ဆိုသည့် ခမ်းနား တွယ်တာမှုထဲ ပျော်ပျော်ကြီး နစ်ဝင်ခဲ့ရသည်။ သူသည် နေယံဝေ၏ ညှို့ယူ ဆွဲဆောင်မှု နောက် ပင်ပန်း မောနွမ်းမှု မရှိ ကျေနပ်စွာ စီးမျော လိုက်ပါခဲ့မိသည်။
    
နေယံလေး မျက်နှာကို စူးစူးစိုက်စိုက် ငေးကြည့်ပြီးနောက် ညောင်းညာခဲ့ရသည့် ခန္ဓာကိုယ်အား အကြောဆန့်ရင်း တိုင်ကပ်နာရီမှ အချိန်ကို ဝေယံ လှမ်းကြည့်လိုက်သည်။ သူ လန့်သွားသည်။ တစ်ဆယ့် တစ် နာရီ ထိုးလောက်ပြီ ဟူသော အတွေးဖြင့် ကြည့်လိုက်မိတာကြောင့် ဖြစ်သည်။ တကယ်က မဟုတ်။ တစ် နာရီပင် ထိုးနေလေပြီ။
    
နေယံလေး အိပ်ပျော်အောင် နှစ် နာရီလောက် အချိန် ယူပြီး ကြိုးစားပမ်းစား ချော့သိပ်လိုက်ရတာပဲ ဖြစ်သည်။ အချိန်တွေ ကုန်လို့ ကုန်မှန်း မသိ။ မောလို့ မောမှန်းတောင် မသိ။ ညောင်းညာနေသည့် ခန္ဓာကိုယ်ကြောင့်သာ ပင်ပန်းနေပြီ ဆိုတာ သိလိုက်ရသည်။

SUN { Season 1 }Where stories live. Discover now