236

2K 464 8
                                    

Unicode

တကယ်တော့ ရန်ချန်းသည် ‘မဟူရာည’ကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် သုံးလောက၏ တစ်ကောင်တည်းသော နတ်ဘုရားသားရဲကြီးနှင့် စိတ်ဝိဉာဉ်ချင်း ချိတ်ဆက်နိုင်ခဲ့လေသည်။ သို့သော် အနှီချိတ်ဆက်မှုက ပစ္စုပ္ပန်နှင့် နောင်အနာဂတ် ဖြစ်ရပ်များကိုသာ သိရှိနိုင်ပြီး အတိတ်မှ မှတ်ဉာဏ်များကို မြင်နိုင်စွမ်းမရှိပေ။

ထို့ကြောင့် ရန်ချန်းသည် ‘မဟူရာည’ တွေ့ကြုံခဲ့သည့် အတိတ်မှ ဖြစ်ရပ်များကို မသိခဲ့ပါချေ။

သို့သော် ‘အသက်တံခါး’ ပွင့်ဟလာချိန်မှာတော့ ‘မဟူရာည’သည် ထိုသက်ရောက်မှုကို ထိပ်တိုက်ရင်ဆိုင်ခဲ့ရသဖြင့် အပြင်းအထန် ဒဏ်ရာရသွားခဲ့၏။ နှစ်ထောင်ပေါင်းများစွာ ရှင်သန်လာခဲ့ပြီးဖြစ်၍ သားရဲကြီးသည် သည်အတိုင်း ပျောက်ကွယ်သွားရမည့် အဖြစ်ကို လက်ခံနိုင်ခြင်းမရှိဘဲ သခင်ဖြစ်သူ၏ စိတ်ဝိဉာဉ်ထဲ ပေါင်းစည်းကာ နောက်ထပ်ပုံစံတစ်မျိုးဖြင့် အသက်ဆက်ခဲ့ရသည်။

ဤသို့ဖြင့် ရန်ချန်းသည်လည်း ‘မဟူရာည’၏ မှတ်ဉာဏ်အလုံးစုံကို ပိုင်ဆိုင်သွားရသည်။

ခြူးမုယွင်က ထိုအခြင်းအရာကို ရှာတွေ့သွားခြင်းပင်။ ထို့ကြောင့် နှင်းကြာပွင့်ကို ဖယ်ရှားကာ မီးလျှံအဆိပ်ကို ဖော်ထုတ်လိုက်သည်။ ပြီးနောက် ရန်ချန်းအား မပြောသင့်သည့်ကိစ္စများ လျှောက်ပြောကာ ရန်စတော့သည်။

အဘယ်ကြောင့်ဆိုသော် ဝိဉာဉ်နှစ်ခု ပေါင်းစည်းခြင်းသည် အလွန်ရှည်ကြာပြီး နာကျင်လွန်းလှသည်။ သို့ဖြစ်ရာ စိတ်အတက်အကျ မတည်ငြိမ်လောက်ပေ။ ခြူးမုယွင်သည် ငြင်းဆန်ခံရပြီးနောက် ထိုအချက်ကို သတိပြုမိသွားပြီး ရန်ချန်းအား တမင်တကာ ရန်စကာ သူ၏ သံသယကို အတည်ပြုရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။

ယခုတော့ အဖြေကား ရှင်းလင်းသွားချေပြီ။

ရန်ချန်းသည် ပြင်းစွာ နာကျင်ခံစားနေရပြီး ဝိဉာဉ်တစ်ခုလုံး ဆွဲဆုတ်ခံနေရသလို ခံစားချက်က ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုများပင် မယှဉ်နိုင်သည်အထိ ဆိုးရွားလှ၏။ သို့သော် အနှီနာကျင်မှုက နှလုံးသားထဲမှ စူးအောင့်လာသော မွန်းကျပ်ဖွယ်ဝေဒနာကြီးကို ယှဉ်နိုင်စွမ်းမရှိခဲ့ပေ။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now