246

2K 434 17
                                    

Unicode

လင်းရွှမ်က အညှာအတာကင်းစွာဖြင့် ရှန်ရွှိန်ယန်း၏ အကာအကွယ်စည်းကို တိုက်ရိုက်ချိုးဖျက်ပစ်လိုက်၏။ လှံ၏ လားရာက တကယ့်ကို ပရိယာယ်များလွန်းပီး တစ်ဖက်လူ၏ နှလုံးအိမ်ကို အကြင်နာကင်းမဲ့စွာ ထွင်းဖောက်သွားသည်။ ဤကား အစစ်အမှန် အဆုံးသတ်တိုက်ကွက်ပင်။

ခြူးမုယွင်သည် ထိုမြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသဖြင့် ရှန်ရွှိန်ယန်း ကျိန်းသေပေါက် သေဆုံးရတော့မည်ဆိုတာ သိလိုက်သည်။

ပုံမှန်အားဖြင့် ရှန်ရွှိန်ယန်း၏ အသက်ကို ကယ်တင်ရန် မလိုအပ်ပေ။ Mission အောင်ပြီးသားဖြစ်၍ သေခြင်းဖြစ်စေ၊ ရှင်ခြင်းဖြစ်စေ သူ၏ ကံတရားအတိုင်းသာ၊ မည်သူက သေခြင်းရှင်ခြင်းကို ဝင်ရောက်ထိန်းချုပ်နိုင်မည်နည်း။

သို့သော် သူ၏စိတ်ထဲ ထိုအတွေးမျိုး ပေါ်မလာခဲ့ချေ။ ခြူးမုယွင်က ‘အသက်ကိုစတေးခြင်း’ အစီအရင်ပြုလုပ်ရန် လက်ပင် မြှောက်ပြီးနေချေပြီ။

သူ ရှန်ရွှိန်ယန်းကို သေခွင့်မပြုနိုင်ပါ။ ထိုကလေး၏ ခံစားချက်များကို ပြန်မတုံ့ပြန်နိုင်သည်ကပင် တော်ကာကျနေပြီဖြစ်၍ ယခုလိုမျိုး သေခွင့်မပြုနိုင်ပါချေ။

သူက ခပ်မြန်မြန် လှုပ်ရှားလိုက်သော်ငြား သူ့ထက် မြန်နေသူလည်း ရှိနေသေး၏။

ထိုသူက အစီအရင်ပညာနှင့် ရင်းနှီးကျွမ်းဝင်သော မော့ကျိုးရှောင်မဟုတ်။ ရှဲ့ချင်းလန် ဖြစ်နေသည်။

လင်းရွှမ် ရှန်ရွှိန်ယန်းကို သတ်နိုင်ခဲ့သည်မှာလည်း ရှဲ့ချင်းလန်၏ ပူးပေါင်းပါဝင်ပေးမှုကြောင့်ပင်။

ထိုစကားက သူနှင့်လင်းရွှမ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုလိုခြင်းမဟုတ်။ ရှဲ့ချင်းလန်က တိုက်ပွဲအစမှအဆုံးထိ ရှန်ရွှိန်ယန်းနှင့် ပူးပေါင်းကာ လင်းရွှမ်ကို တိုက်ခိုက်ခဲ့သည်။

သို့သော် တကယ်တမ်း တိုက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးသွားချင်လျှင် ရသည်။ သူတို့နှစ်ဦးထဲမှ တစ်ဦးက လင်းရွှမ်ကို ကူညီပေးပြီး ကျန်တစ်ဦးကို တိုက်ခိုက်လိုက်ရုံဖြင့် ထိုတိုက်ပွဲက လျင်မြန်စွာ အဆုံးသတ်သွားလိမ့်မည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now