240

2K 458 9
                                    

Unicode

“ခင်ဗျား သွားလို့ရပါတယ်.. ကျွန်တော် ဒီလက်ကို မလိုချင်တော့ဘူး..”

***

ကလေးတစ်ယောက်၏ ပြောစကားဟု မြင်ယောင်ရန်ပင် ခက်လှသည်။

တရစပ်စီးကျနေသော သွေးများက ဒဏ်ရာအလွန်ပြင်းထန်ကြောင်း သက်သေခံနေ၏။ ကလေးငယ်ကို အသာထား၊ လူကြီးတစ်ယောက်ပင် ဤမျှနာကျင်မှုကြီးကို မတောင့်ခံနိုင်လောက်ပေ။

ခြူးမုယွင်က မြေပေါ်ကျနေသော ဓားမြှောင်ကို လှမ်းကြည့်လိုက်သည်။ ဓားသွားထက်တွင် သွေးစက်များ စွန်းထင်းနေရကား ထိုဓားသွားဖြင့် လှီးဖြတ်ထားခြင်းမှန်း သိသာနေတော့သည်။

သို့သော် ရှန်ရွှိန်ယန်းသည် မျက်နှာတစ်ချက်မပျက်၊ ခြူးမုယွင်ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေခဲ့သည်။

ခြူးမုယွင်မှာ ဒေါသထွက်လာသော်ငြား ကလေးငယ်၏ အကြည့်ကြောင့် သူ၏ နှလုံးသားထဲ အပ်ပေါင်းများစွာဖြင့် ထိုးစိုက်ခံနေရသလို ခံစားလိုက်ရ၏။ နှလုံးကွဲကြေသလို မနာကျင်ရသော်ငြား လျစ်လျူရှုရန် ခဲယဉ်းလှသည်။

အဆုံးမှာတော့ သူပဲ စိတ်လျော့လိုက်ရပြီး ရှန်ရွှိန်ယန်းအနား လျှောက်သွားလိုက်သည်။ ထို့နောက် လက်ကိုမြှောက်ကာ အဖြူရောင်အလင်းတစ်ခုနှင့်အတူ ရှန်ရွှိန်ယန်း၏ ဒဏ်ရာကို ကုသပေးခဲ့သည်။

ပြီးနောက် လေးနက်စွာ ပြောသည်။ : “ကိုယ့်ကိုယ်ကို ဒဏ်ရာရအောင် ထပ်မလုပ်နဲ့..”

ရှန်ရွှိန်ယန်းသည် ဒဏ်ရာအခြေအနေကို တစ်ချက်လေးပင် လှည့်မကြည့်ဘဲ အက်ရှစွာ ပြောလာသည်။ : “မသွားပါနဲ့..”

ခြူးမုယွင်၏ မျက်ဝန်းများ မှေးကျဉ်းသွားသည်။

ရှန်ရွှိန်ယန်းသည် ရန်ချန်းငယ်လေးထက် အလွန်ဉာဏ်များပေ၏။ အလားတူ စွန့်ပစ်ခံရသည့် အခြေအနေမျိုး ရင်ဆိုင်နေရချိန်တွင် ရန်ချန်းငယ်လေးက သနားချင့်စဖွယ် တောင်းပန်ရုံသာ နားလည်သော်လည်း ရှန်ရွှိန်ယန်းပေါက်စလေးကတော့ သင်ကြားပေးစရာမလိုအောင် ခြိမ်းခြောက်တတ်နေချေပြီ။

ခြူးမုယွင်မှာ ဒေါသထွက်လာပြီး သူ၏အသံက ပုံမှန်ထက် အေးစက်နေတော့သည်။ : “မင်းခန္ဓာကိုယ်က မင်းအပိုင်ပဲ.. မင်းကိုယ်မင်းတောင် အလေးမထားတတ်ရင် တခြားလူတွေ မင်းကို အလေးထားဖို့ မျှော်လင့်နိုင်ဦးမလား..?”

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now