အခန်း ၂၄: တစ္ဆေရဲ့အောင်နိုင်မှု

3.3K 614 38
                                    

{Unicode}

အခန်း ၂၄: တစ္ဆေရဲ့အောင်နိုင်မှု

"ဝမ်ရှောင်နင်! နင်ဘာကြံစည်နေတာလဲ?" မိန်းမလှလေးကသူမရဲ့လည်ပင်းအနောက်ကိုလက်နဲ့ကာပြီး အော်ပြောလိုက်တယ်။

အခန်းထဲမှာရယ်သံတွေပဲ့သံထပ်သွားတယ်။ နီးသလိုလိုဝေးနေသလိုလို၊ ပျော်ရွှင်နေသလိုလိုဝမ်းနည်းနေသလိုလို။ အဲ့ဒီရယ်သံကြောင့် မိန်းမလှလေးခြေတစ်လှမ်းနောက်ဆုတ်လိုက်မိတယ်။

အဲ့ဒီအသံကသူမကို မကောင်းတဲ့ရည်ရွယ်ချက်အပြည့်နဲ့မေးလာတယ်။ "အဲ့ဒါဆိုနင်ကရောဘယ်သူလဲ? နင်ကသူနဲ့ဘာပတ်သက်တာလဲ?"

အဲ့ဒီစကားကတကယ်ပြောနေတာလား သရုပ်ဆောင်နေတာလားဆိုတာ သေချာမသဲကွဲပါချေ။ သူမကိုမေးခွန်းထုတ်နေတာကနင်နင်လား တစ္ဆေလားဆိုတာကို ခွဲခြားလို့မရပါချေ။ သူမကိုယ်တိုင်ကလည်း မိန်းမလှလေးလား လူကုံထံအမျိုးသမီးလားဆိုတာကို ဝေခွဲလို့မရနိုင်တော့ပေ။

"ငါကသူ့ကောင်မလေးပဲ!" မိန်းမလှလေးကဒေါသအပြည့်နဲ့အော်ပြောလိုက်တယ်။ "နင့်ကိုယ်နင်ဘယ်သူထင်နေတာလဲ? ဘယ်ကပေါ်လာမှန်းမသိတဲ့ အပေါစားသရုပ်ဆောင်ကများ ငါနဲ့ပြိုင်ချင်နေတယ်ပေါ့လေ?"

"ငါကနာမည်သိပ်မရှိတဲ့သရုပ်ဆောင်လေးပဲဆိုပေမဲ့ ကြည့်ရတာသူကငါ့အပေါ်ကိုအာရုံပိုစိုက်သလိုပဲနော်?" အဲ့ဒီအသံကထပ်ပြီးမေးလာတယ်။ "အို ဘုရားရေ၊ နင်ဒေါသထွက်နေတာလား? ဘာကိုဒေါသထွက်စရာရှိလို့လဲ..."

အဲ့ဒီအသံက မိန်းမလှလေးရဲ့အနားကို တဖြည်းဖြည်းနီးကပ်လို့လာတယ်။ သူမလက်ဆန့်ထုတ်ပြီး ဖမ်းဆုပ်လိုက်နိုင်တဲ့အထိနီးကပ်နေပြီဖြစ်တယ်။ အဲ့ဒါကသူမကိုလေသံနဲ့ပြောလာတယ်။ "ငါပြောတာဟုတ်လားမဟုတ်ဘူးလားဆိုတာကို နင်အသိဆုံးပဲမဟုတ်လား?"

မိန်းမလှလေးကဒေါသတကြီးခုန်ဖမ်းလိုက်ပေမဲ့ ဘာကိုမှဖမ်းဆုပ်မိဘဲ သူမခြေထောက်အောက်က ခေါင်းတလားကိုခလုတ်သွားတိုက်မိတယ်။

သူမခေါင်းတလားထဲပြုတ်ကျသွားရတယ်။ သူမအော်ဟစ်လိုက်ပြီး ပြန်မထနိုင်သေးခင်မှာဘဲ တစ်စုံတစ်ယောက် ခေါင်းတလားရဲ့အဖုံးကိုပိတ်ချလိုက်တယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now