အခန်း ၁၅၉: ဒီမှာရှိတယ်

1.8K 391 31
                                    

{Unicode}

အခန်း ၁၅၉: ဒီမှာရှိတယ်

ထိုအသုံးအနှုန်းကိုကြားရတာက နင်နင့်ကိုအသက်ရှူရခက်လာစေတယ်။ သူမအခုအချိန်မှာ သူ့ကိုဘယ်လိုမျိုး မျက်နှာချင်းဆိုင်ရမလဲဆိုတာကို မသိပါချေ။

"ဟမ်၊ အမ်း၊ ဒီမှာ..." နင်နင် အချိန်တစ်ခုအထိ ထစ်ထစ်အအဖြစ်နေပြီးမှ သူ့ကိုကြည့်ကာ တိုးညင်းစွာပြောလိုက်တယ်။ "ကျွန်မပြောချင်တာက ကျွန်မဒီမှာရှိပါတယ်လို့..."

စိတ်လှုပ်ရှားနေတဲ့သူမရဲ့ပုံစံက ဝမ်ယွီကိုပါသက်ရောက်သွားပုံပေါ်တယ်။

သူကထိတ်ထိတ်ပျာပျာနဲ့ သူမရဲ့လည်ပင်းပေါ်ကသူ့လက်ကိုရုတ်ပြီး တည့်တည့်မတ်မတ်ရပ်လာတယ်။ သူအကြိမ်အနည်းငယ် အသက်ပြင်းပြင်းရှူသွင်းပြီးတော့မှ သူမကိုပြောလာခဲ့တယ်။ "ဈာပနပြီးသွားတော့ ကျွန်တော်ဒါရိုက်တာရှီ မွေးစားတာခံလိုက်ရတယ်၊ သူကလူကောင်းတစ်ယောက်ပါ၊ ကျွန်တော်အဆင်ပြေပြေနေခဲ့ရတယ်"

"အင်း" နင်နင်ပြောလိုက်တယ်။ "သိတယ်"

"ကျွန်တော်တက္ကသိုလ်မှာ ဆေးပညာလေ့လာပြီးတော့ စိတ်ပညာဘက်ကိုပြောင်းခဲ့တယ်၊ ဘွဲ့ရပြီးတော့ စိတ်ရောဂါကုဆေးခန်းမှာ အလုပ်ဝင်ခဲ့တယ်... ကျွန်တော့်လူနာတွေထဲမှာ အနုပညာလောကထဲကလူတွေ အများစုပါတယ်၊ ကျွန်တော့်ကို ပိုက်ဆံနောက်လိုက်တယ်လို့ ပြောကြတဲ့လူတွေရှိပေမဲ့ တကယ်ကအဲ့လိုမဟုတ်ဘူး၊ ကျွန်တော်လူတွေကို ကူညီချင်ရုံသက်သက်ပဲ" ဝမ်ယွီကနင်နင့်ကို မျက်တောင်မခတ်ဘဲ ကြည့်လာတယ်။ "ခင်ဗျားလိုလူတွေကို ကူညီချင်ခဲ့တာ"

"အင်း" မခံစားရတာကြာပြီဖြစ်တဲ့ ခံစားချက်တစ်ခုက အေးစက်စက်နံရံပေါ်ဖုံးလွှမ်းလာတဲ့ စိမ်းမြမြရေညှိတွေလိုမျိုး နင်နင့်ရဲ့နှလုံးသားထဲ တွယ်တက်လာခဲ့တယ်။ "သိတယ်..."

"ကျွန်တော်... ကောင်းတာတွေပဲလုပ်ဖို့ ကြိုးစားနေခဲ့တာ၊ တတ်နိုင်သလောက် လူတွေကိုကူညီဖို့"

"အင်း၊ ကျွန်မသိတယ်"

"ကောင်းတာတွေက ကောင်းတဲ့အရာတွေကိုဖြစ်စေတယ်၊ မကောင်းတာတွေက ဆိုးရွားတဲ့အရာတွေကို ဖြစ်စေတယ်လို့ ဘုရားသခင်ကပြောတယ်၊ ‌ကျွန်တော့်ရဲ့လုပ်ရပ်တွေကနေ ကောင်းတဲ့အရာတစ်ခုခု ထွက်လာနိုင်မယ်ဆိုရင် အဲ့ဒါကလူတွေအများကြီးအပေါ်ကို သက်ရောက်ဖို့ ကျွန်‌တော်မျှော်လင့်တယ်" ဝမ်ယွီရဲ့မျက်ဝန်းတွေက အရည်လဲ့လို့နေတယ်။ "တစ်နေ့နေ့ကျရင် သူ ဒီသေမျိုးလောကထဲကို ပြန်လာနိုင်ပါစေလို့ ကျွန်တော်ဆု‌တောင်းခဲ့တယ်၊ ကောင်းမွန်တဲ့မိသားစုတစ်ခုမှာ မွေးဖွားလာပြီး သူ့ကိုချစ်တဲ့အမေ၊ သူ့ကိုကာကွယ်ပေးတဲ့အဖေနဲ့ စိုးရိမ်ပူပန်စရာတွေမရှိဘဲ ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင် ကြီးပျင်းလာနိုင်ဖို့... ကျွန်တော့်အရှေ့မှာ နောက်တစ်ကြိမ်ထပ်ပြီးတော့ပေါ်လာဖို့... အမြဲဆုတောင်းနေခဲ့တာ"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now