🍇EP (21)🍇မှန်ဘောင်အခန်းများ

1K 156 3
                                    

Darkness

(21)
[မှန်ဘောင်အခန်းများ]

"နေကြပါဦး"

"နေ နေပါဦး...."

ကျန်ခဲ့တဲ့ အခန်းဖော် မိန်းကလေးတွေလည်း စူးယွင်တို့နောက်ကို အပြေးလိုက်လာခဲ့ကြသည်။ ရှစ်လော့ကလည်း သူ့ကောင်လေးဆီ ပြေးသွားပြီ။ စူးလန်ကလည်း သူ့ညီမကို လာခေါ်သွားပြီဆိုတော့ အခန်းထဲမှာ သူတို့ပဲ ကျန်နေခဲ့တော့မှာလေ။

စောစောက အဖြစ်အပျက်က သူတို့ကိုအလွန်တုန်လှုပ်စေလို့ မိန်းကလေးများလည်း စူးယွင်တို့နောက် ပြေးလိုက်ကြရင်း လူငယ်တွေ အချင်းချင်း ညှိနှိုင်းကြပြီးနောက် သူတို့တစ်ခန်းထဲ စုနေလိုက်ကြတော့သည်။

ကျောက်ချီ ဝမ်ချန်းကိုဆွဲလျက် အခန်းထဲက ကုတင်ပေါ် နေရာချပေးလိုက်သည်။

"အစ်မမုန့်က မင်းကိုဂရုစိုက်သားပဲ"

ဝမ်ချန်း ခေါင်းခါ၍။

"မဟုတ်ဘူး... အဖွဲ့အစည်းက အားလုံးရဲ့ လုံခြုံရေးကို ဂရုစိုက်ပါတယ်... စောစောက တခြားအခန်းတွေကရော ထွက်လာလား?"

"မထွက်လာဘူး.... အကုန်နားပင်းပြီး သေနေတဲ့အတိုင်းပဲ တစ်ယောက်မှကို ထွက်မလာဘူး ၉နာရီနောက်ပိုင်း မထွက်ရဘူးဆိုတဲ့ အမိန့်ကို တအားတွေနာခံနေတာ ဖြစ်မယ်"

ကျောက်ချီ အနည်းငယ် မကျေနပ်ချင်တာကြောင့် ပြောလိုက်ပြီး ဝမ်ချန်းဘေးမှာပဲ ကပ်ထိုင်လိုက်သည်။ သူထိုင်လိုက်ပြီးနောက် အခန်းထဲကို တစ်ချက် ဝေ့ကြည့်လိုက်ရ၏။

သူတို့အခန်းထဲက အဲကွန်းကိုများ လျှော့ထားမိသလား။ သူနည်းနည်း အေးလာသလိုပဲ။

မိန်းကလေးတွေအတွက် ကျားဝူနဲ့ လင်းကျိုရန်းရဲ့ ပူးထားတဲ့ကုတင်က နေရာတစ်နေရာ ဖြစ်သွားခဲ့လို့ လင်းကျိုရန်းတို့လည်း ခုံလေးတွေပေါ်မှာ ကပ်ထိုင်ရသည်။ လင်းကျိုရန်း ဝမ်ချန်းကိုကြည့်၍ အသံတိုးတိုးဖြင့်။

"မင်း ဘယ်လိုထင်လို့လဲ?"

ဝမ်ချန်း -"ငါ့အထင်တော့ သူမက သရဲတစ်ကောင်ရဲ့ ပြုစားမှုကြောင့် အခုလိုဖြစ်သွားတာ ဖြစ်မယ်.... သရဲက သူမကနေတစ်ဆင့် ငါတို့အခန်းတွေထဲ ဝင်ချင်နေတာ"

Darkness (Complete)Where stories live. Discover now