🍇EP (33)🍇ဝမ်ချန်းဘေးကဝိညာဥ်

993 139 0
                                    

Darkness

(33)
[ဝမ်ချန်းဘေးက ဝိညာဥ်]

ကျားဝူထံမှ အချက်ပေးသံ ကြားသည်နှင့် ဝမ်ချန်း၊ ကျောက်ချီနှင့် လင်းကျိုရန်းတို့သည် တစ်ပြိုက်နက်တည်း လက်အစီအရင်ကို တည်လိုက်သည်။

"ကျောက်စိမ်းအစီအရင်.... တည်!!"

သုံးယောက်တစ်ပြိုင်တည်း ရွတ်ဆိုလိုက်သံက ညဥ့်ဦးယံတွင် အိပ်တန်းတက်နေသော ငှက်များကိုပင် ထိတ်လန့်သွားစေ၏။ အပြာရောင် အစီအရင်သည် မြက်ခင်းတွင် သေးငယ်စွာ ပေါ်လာပြီး စွမ်းအင်လှိုင်းလုံးနဲ့အတူ ပြန့်ကားသွားသည်။

အစီအရင် ပြန့်ကားသွားသည်နှင့် ကျားဝူ၊ စူးလန်နှင့် ကျန်းရှီသည် ဖန်ပုလင်းများကို အဆင်သင့် ပြုလုပ်ထားကြ၏။

'ဝုန်း......'

'ဝူ.......'

ထူးဆန်းသော လေသံများ ထွက်ပေါ်လာသည်။ ကျားဝူတို့သုံးယောက် ခေါင်းမော့ကြည့်လိုက်သောအခါ သစ်ပင်တွေအထက်မှာ တိမ်မည်းများ စုဝေးလာတာကို တွေ့ရ၏။ နတ်ဆိုးတွေ အစီအရင်ကို ခံစားမိသွားတာပဲ။

အခုက နတ်ဆိုးတွေ အသာစီးရနေတာမို့ ဘယ်နေရာမှာမဆို သူတို့ထွက်ပေါ်လာနိုင်ကြသည်။ ဝမ်ချန်းမှာ လေသံတွေကိုသာ ကြားနိုင်ပြီး မမြင်ရတာကြောင့် ကျောက်ချီကိုသာ မေးရတော့သည်။

"ဘာဖြစ်လို့လဲ?"

"ငါတို့ခေါင်းပေါ်မှာ တိမ်မည်းတွေ စုလာတယ်"

လင်းကျိုရန်း -"သူတို့ ရှာတွေ့သွားပြီ!"

ထိုအချိန်တွင် မြေကြီးနှင့် ကောင်းကင်၊ ရေနှင့် သစ်ပင်တို့၏ အဆီအနှစ်တွေ​ တဖြည်းဖြည်း စုဝေးလာပြီး ငွေရောင်ဆေးလုံးတွေ ပေါ်လာသည်။ ကျားဝူတို့လည်း စတင်ပြေးလွှားကြတော့သည်။

ငွေရောင်ဆေးလုံးက အချိန်ကြာကြာမခံလို့ ပျောက်ကွယ်မသွားခင် အမိဖမ်းနိုင်မှသာ ရလိမ့်မည်။ ကျားဝူတို့ စလှုပ်ရှားတာနဲ့ တိမ်မည်းတွေထဲမှ နတ်ဆိုးဝိညာဥ်များ ပြေးထွက်လာကြသည်။

နတ်ဆိုးဝိညာဥ်များသည် အနက်ရောင် အရိုးချောင်းများအသွင်ဖြင့် ထွက်လာကြကာ အနက်ရောင် အငွေ့တန်းတွေကလည်း ပါသေးသည်။ ပတ်ဝန်းကျင်တွင် တိုက်ခိုက်သံတွေနဲ့ စတင်ဆူညံလာ၏။

Darkness (Complete)Where stories live. Discover now