အပိုင်း ၂၄၅

533 64 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၇။ အပိုင်း ၂၄၅ ငါးစာကောင်းမှ ငါးကဟပ်ချင်မှာပေါ့

ရေကန်ထဲရှိသားရဲ၏အဆင့်ကို သူ မသိသော်လည်း သူလုပ်ဖို့လိုအပ်တာကိုတော့ လုပ်ရပေဦးမည်။
တပ်သားသစ်စုဆောင်းခြင်းလုပ်ငန်းစဉ် စတင်ပြီ။
သေချာပေါက် လုရှောင်ယန်၏စရိုက်အရ သူ့ဘက်ကအသာစီးရရန် ပြင်ဆင်စရာတချို့ရှိပါသေးတယ်။
ဘာပဲဖြစ်ဖြစ် တစ်ဖက်သူသည် ကြီးမြတ်သည့်သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲပေပဲ။ တစ်ဖက်သူထွက်လာလို့ သူက အနိုင်မယူနိုင်ခဲ့ရင် ဘယ်လိုလုပ်မလဲ?
သူအနိုင်ယူနိုင်ခဲ့လျှင်တောင်မှ တစ်ဖက်သူက ထွက်ပြေးလွတ်မြောက်သွားနိုင်သေးတာပဲ။
တစ်ဖက်က စစ်ကူမရှာခဲ့ရင်တောင်မှ သူ့ရဲ့လက်အောက်ခံအဖြစ် ဝင်လို့သည့်ဆန္ဒမရှိခဲ့ရင်ရော?
ဒါ့အပြင် ထိုသားရဲ၏နယ်မြေသည် ရေအောက်တွင်ဖြစ်သည်။ ရေအောက်ထဲမှာ နောက်ထပ်သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲတစ်ကောင် ထပ်မရှိနေပါဘူးလို့ ဘယ်သူကများ အာမခံပေးမှာလဲ? ထိုသားရဲမှာ မိတ်ဖက်ရှိနေခဲ့ရင်ရော?
မဟုတ်ရင်လည်း ထိုသားရဲမှာ သူ့ကိုတစ်ခါတည်းအပြီးသတ်လိုက်ဖို့လုံလောက်အောင် ထောင်ချောက်တွေ ရှိနေနိုင်သေးတာပဲ။
ဘာပဲဖြစ်ဖြစ် လုရှောင်ယန်ကတော့ တစ်စုံတစ်ယောက်၏အိမ်ကွင်းသို့ ဘာပြင်ဆင်မှုမှမရှိဘဲ ဇွတ်တိုးဝင်ရလောက်သည်အထိ မမိုက်မဲသေးပေ။ ထို့အပြင် သူလှုပ်ရှားတော့မယ်ဆိုရင်လည်း သူ့ကိုယ်ပိုင်အိမ်ကွင်း သို့မဟုတ် ကိုယ်ပိုင်နီးနီးပြုပြင်ထားသည့်အိမ်ကွင်းမျိုးတွင်သာ စတင်လှုပ်ရှားပေမည်။
ဒါကြောင့် လုရှောင်ယန် အမြန်ဆုံးနည်းနှင့် ကောင်းကင်စည်းတံဆိပ်၈ခုအစီအရင် ၂ခု၊ ကြယ်ကြွေအင်ပါယာအစီအရင် ၂ခု၊ ရှေးဟောင်းနဂါးအစီအရင် ၃ခု၊ လေးဘက်မြင်အစီအရင် ၇ခုနှင့် အခြ‌ေားသာ သိုင်းဘုရင်အဆင့်အစီအရင်ပေါင်းများစွာကို ရေကန်ဘေးပတ်လည်တွင် ခင်းကျင်းလိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် သူ အာကေရှားဂိုဏ်းကို သိမ်းတုန်းက နာလန်ဟုန်ယွီဆီကနေပြီး ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံးပေါင်း မြောက်မြားစွာကို ရရှိထားခဲ့သည်ပဲ။ လက်ရှိတွင် လုရှောင်ယန်၌ ဝိညာဉ်ကျောက်တုံးတွေက မပြတ်လတ်နေတော့ပါဘူး။
အားလုံး သေချာစီစဉ်ပြီးနောက်မှာတော့ မြေနဂါးဝက်ဝံခမျာ လုရှောင်ယန်၏ အကန်ကို ခံလိုက်ရသည်။
“သွားပြီး အဲ့ကောင်ကို မျှားခေါ်လာခဲ့။”
မြေနဂါးဝက်ဝံမှာ တုန်လှုပ်သွားတော့သည်။
“အာ? သခင်၊ ငါမလုပ်နိုင်ဘူး။ ငါက အကြီးမြတ်ဆုံးအဆင့်အမှိုက်လေးတစ်စပါ။ အဲဒီသားရဲအိုကြီးကို သေချာပေါက် မကိုင်တွယ်နိုင်ဘူး။ ငါ့ကိုသာလွှတ်လိုက်ရင် ဘာမှအကျိုးမရှိဘဲ ပြန်လှည့်လာရလိမ့်မယ်။”
လုရှောင်ယန် ကျန်သည့်သားရဲများအပေါ် ကြည့်လိုက်ရာ သားရဲများကလည်း မြေနဂါးဝက်ဝံစကားကို ထောက်ခံဟန်ပြန်ပြကြသည်။ ဒါနဲ့ လုရှောင်ယန်က ချက်ချင်းပင် သူ့လက်ချောင်းတစ်ချောင်းကို မြှောက်လိုက်သည်။
“သွားပေးတဲ့သူ ဘယ်သူမဆို သိုင်းဘုရင်အဆင့်သွေးဆေးလုံး ၁၀လုံးရမယ်။”
သားရဲတို့၏မျက်လုံးများ တောက်ပသွားသော်လည်း ခေါင်းတွေကိုခါယမ်းကာ ငြင်းဆန်နေကြတုန်းပင်။
ဘာပဲဖြစ်ဖြစ် အဲဒီအကျိုးအမြတ်တွေကိုစံစားဖို့ဆိုတာ အသက်ရှင်နေဦးမှလေ။
တစ်ဖက်က သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲကြီး။ တစ်ဖက်သူရဲ့ သာမာန်ကာလျှံကာလှုပ်ရှားမှုလေးတစ်ခုကတင် သူတို့စိတ်ဝိညာဉ်ကို တခါတည်းလွင့်ထွက်သွားအောင် လုပ်နိုင်စွမ်းရှိတယ်။ ဘယ်သူက အဲလိုကောင်ကြီးကို သွားစရဲမှာလဲ?
ဒါတင်မကဘူး၊ ထိုသားရဲကို လုရှောင်ယန် လက်အောက်ခံအဖြစ် ထိန်းချုပ်နိုင်ဖို့ရန် သူတို့က သွားမျှားခေါ်ပေးရမှာဖြစ်သည်။
ဒါက ထိုသားရဲ၏ရှေးဘိုးဘေး၁၈ဆက်ကို ပြန်သွားတူးလိုက်တာထက်တောင် ပိုဆိုးနေတယ်မဟုတ်လား။
လုရှောင်ယန် လက်နှစ်ချောင်းပြောင်းလိုက်သည်။
“အလုံး ၂၀။”
သားရဲများမှာ လိုချင်စိတ်တို့ဝင်လာကာ တံတွေးပင်မြိုချမိကြသည်။
သို့သော်လည်း သူတို့ သဘောမတူကြသေးပေ။
လုရှောင်ယန် နောက်ပြန်မရေတွက်ခင် ခဏမျှတိတ်ဆိတ်သွားခဲ့သည်။
“ကိုး”
သားရဲများအားလုံး : “???”
“ရှစ်”
သားရဲများ “….”
“ခုနှစ်”
“သခင်၊ မင်းအရမ်းလွန်သွားပြီ။ ဘာလို့ တဖြည်းဖြည်းနည်းသွားတာလဲ?”
“ခြောက်”
“….”
“ငါး”
“ရပ်ပါတော့၊ သခင်။ ရပ်လိုက်ပါတော့။ ဆေးလုံး၂၀ပေး ငါသွားမယ်။”
ရွှေလက်မောင်းမြင့်မြတ်လူဝံက လုရှောင်ယန်ကို အလျင်စလိုဝင်တားလိုက်သည်။ နွားထီးနှင့်ကျန်သားရဲများကတော့ သူ့ကိုစိုက်ကြည့်လာကြလေသည်။
“ငါ့ကိုလာမကြည့်၊ ငါ့မှာလည်း ရွေးချယ်စရာမှမရှိတာ။ အဆင့်တက်ဖို့အတွက်ဆို ဆေးလုံးတွေလိုအပ်တယ်။”
“မျောက်၊ မင်းက စာနာစိတ်လုံးဝမရှိတဲ့ကောင်ပဲ!”
“ငါ နွားကြီးက မင်းကို အရဲရင့်ဆုံးသူအဖြစ် လေးစားပေးမယ်!”
ရွှေလက်မောင်းမြင့်မြတ်လူဝံ အသက်ပြင်းပြင်းရှူလိုက်ကာ ရေကန်းအနားသို့ ဂရုတစိုက် ချဉ်းကပ်သွားသည်။
တစ်ချက်တစ်ချက်ပြန်လှည့်လာကာ သူ့သတ္တိကိုမြှင့်တင်ဖို့ရန်အတွက် လုရှောင်ယန်ကို ကြည့်နေသေးသည်။
“အဆင်ပြေပါတယ်။ သခင်က သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူပဲ။ ဘာမှကြောက်ဖို့မလိုဘူး။ မျှားထုတ်နိုင်ပြီဆိုတာနဲ့ ပြန်လှည့်ပြေးရုံပဲ။”
ထိုသို့တွေးမိသည်နှင့် ရေကန်အောက်ခြေရှိသားရဲကြီးနှင့်ဆက်သွယ်ဖို့အတွက် ၎င်း၏ ‘အားနည်းလှပါသော’ နတ်ဝိညာဉ်ကိုချက်ချင်းထုတ်လွှတ်လိုက်သည်။
“မင်္ဂလာပါ၊ တစ်ယောက်ယောက်များ ရှိနေလား?”
“ထွက်သွားစမ်း!”
တစ်ဖက်က ထူးမခြားနားစွာပြောလိုက်ခြင်းဖြစ်သော်လည်း ထိုအသံထဲတွင် မေးခွန်းပြန်မထုတ်နိုင်လောက်သည့်အမိန့်ဆန်မှုများ ပါဝင်နေခဲ့သည်။
ရွှေလက်မောင်းမြင့်မြတ်လူဝံက ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။
“ကောင်းပါပြီ။”
ထို့နောက် ချက်ချင်းဆိုသလို ပြန်လှည့်ပြေးတော့သည်။
လုရှောင်ယန် : “….”
နွားထီး : “….”
ရွှေတောင်ပံလင်းယုန် : “….”
မြေနဂါးဝက်ဝံ : “…”
“မင်းဒီလောက်သတ္တိကြောင်တာ မင်းအဖေရော သိရဲ့လား?”
ရွှေလက်မောင်းမြင့်မြတ်လူဝံက သူ့နဖူးထက်မှချွေးအေးများကို သုတ်လိုက်ကာ၊
“ငါက ငါ့အမေဘယ်သူဆိုတာကိုပဲသိတော့ သေချာပေါက် ငါ့အဖေသိစရာအကြောင်းမရှိဘူးပေါ့။ ပြောရရင် ငါ့အဖေဘယ်သူမှန်းတောင် သိတာမှမဟုတ်တာ။ ငါ့အဖေကလည်း ငါဘယ်သူဆိုတာ သိမှာမဟုတ်ဘူး။”
လုရှောင်ယန် နှုတ်ဆိတ်သွားတော့သည်။
“ဒါဆိုလည်း မင်းအတွက် ဘာဆေးလုံးမှ ရမှာမဟုတ်ဘူး။”
ရွှေလက်မောင်းလူဝံ ချက်ချင်းလက်ကိုမြှောက်လိုက်ကာ၊
“မလုပ်ပါနဲ့၊ သခင်။ ငါအခုမှ သွေးပူလာလို့ပါ။ နောက်တစ်ကြိမ်ထပ်သွားခွင့်ပြုပါဦး။”
“ဒါဆိုလည်း မြန်မြန်ဆန်ဆန်လုပ်။”
“ဟုတ်ကဲ့ပါ။”
ရွှေလက်မောင်းလူဝံက သူ့ကိုယ်သူရဲဆေးတင်သည့်အနေဖြင့် ရင်ဘက်ကို လက်သီးဆုပ်များဖြင့် ထုလိုက်ပြီးကာမှ ရေကန်ဆီသို့ ထံမံပြေးထွက်သွားခဲ့သည်။
ဤတစ်ကြိမ်တွင်တော့ သူဘာမှမပြောနိုင်ခင်မှာပဲ အေးစက်ကာ အလွန်အမင်းခွဲခြားလွန်းသည့်အသံတစ်သံက သူ့နားထဲသို့ ဝင်ရောက်လာခဲ့သည်။
“ထွက်သွားစမ်း”
သာမာန်လေသံဖျော့ဖျော့ဖြင့် ပြောလိုက်သည့် စကားလုံးများဖြစ်နေတုန်းပင်။
သို့သော်လည်း ထိုစကားလုံးသုံးလုံးကပင် သာမာန်မဟုတ်သည့် ဖိအားများပါဝင်နေကာ ရွှေလက်မောင်လူဝံကို ကြောက်လန့်မှုကြောင့် တုန်ရီသွားစေခဲ့သည်။
“စီနီယာကြီး၊ တကယ်တော့လေ…”
“ထွက်သွားစမ်း။”
“ငါက…”
“ထွက်သွားစမ်း”
“….”
“ထွက်သွားစမ်း”
“စီနီယာကြီး?”
“ထွက်သွားစမ်း”
“စီနီယာကြီး၊ တကယ်ပဲ မင်းကိုယ်တိုင်ပြောနေတာပါနော်?”
“ထွက်သွားစမ်း”
“စီနီယာကြီး၊ ငါပါ၊ ငါက မင်းရဲ့သွေးဝေးတဲ့ဝမ်းကွဲရဲ့သားရဲ့ အကြီးဆုံးဝမ်းကွဲရဲ့ သူငယ်ချင်းရဲ့ ခယ်မရဲ့ခင်ပွန်းလေ။”
“ထွက်သွားစမ်း။”
ထိုသို့မဟုတ်ကဟုတ်ကစကားများဖြင့်ပါ စမ်းသပ်ပြီးချိန်မှာတော့ တစ်ခုခုမှားယွင်နေပြီမှန်း ရွှေလက်မောင်းလူဝံ ခံစားလိုက်ရသည်။
တစ်ဖက်က သိုင်းဘုရင်အဆင့်သားရဲတစ်ကောင်မှန်း မမေ့ထားသင့်ပေ။ တစ်ဖက်ကသာ အမှန်တကယ် စိတ်အနှောင့်အယှက်ဖြစ်မည်ဆိုလျှင် တစ်ချက်လေးမှ မတိုက်ခိုက်၊ မသတ်ဖြတ်နေမည်မဟုတ်ပေ။
ဘယ်လိုလုပ်ပြီး ဒီသားရဲကြီးက ‘ထွက်သွားစမ်း’ဆိုတဲ့ စကားလုံးကိုပဲ ဆက်တိုက်ပြောနေရတာလဲ?
ဒါ လုံးဝ ပုံမှန်အခြေအနေမဟုတ်ဘူး။
ဒါတင်မကသေးဘူး…. ဒီအသံက ဘာလို့ ဘေးဘက်ကနေလာတယ်လိုများ ခံစားနေရတာပါလိမ့်?
ထိုသို့တွေးကြည့်ပြီးနောက် ရွှေလက်မောင်းလူဝံက မြေပြင်ပေါ်လှဲချကာ နားထောင်ကြည့်လိုက်သည်။ ထို့နောက် သူ့အမူအရာက အထူးအဆန်းဖြစ်သွားကာ မြေပြင်သို့ တိုက်ရိုက်ပင် လက်သီးဖြင့် ထိုးချလိုက်လေသည်။ နောက်တစ်စက္ကန့်မှာပဲ ရေထဲမှနေပြီး အစိမ်းရင့်ရင့်ပုံရိပ်တစ်ခု မြောက်တက်လာကာ ဘေးသို့ ကျသွားခဲ့သည်။
“ထွက်သွားစမ်း… ထွက်သွားစမ်း… ထွက်သွားစမ်း… ထွက်သွားစမ်း…”
ရွှေလက်မောင်းလူဝံ၏မျက်နှာမှာ မဲမှောင်သွားတော့သည်။ ဒီတော့.. အဲကောင်က တကယ်တမ်း ကောင်းကင်လှိုင်းသံဖားဖြစ်နေတာပေါ့။
၎င်းသည် အရွယ်အစားအလွန်သေးငယ်ကာ အဆင့်နိမ့်သည့် သားရဲတစ်ကောင်ဖြစ်သည်။ လူဝံတစ်ကောင်အနေနဲ့ လေတစ်ချက်လည်ရုံနဲ့တောင်မှ ထိုဖားအုပ်တစ်အုပ်လောက်ကို သတ်နိုင်ပေသည်။ ၎င်းသားရဲ၏အဓိကလုပ်ဆောင်ချက်မှာ စကားချန်ခဲ့ခြင်းဖြစ်သည်။ တစ်စုံတစ်ယောက်က ထိုသားရဲတွင် စကားတစ်ခွန်းချန်ခဲ့လိုက်သည်နှင့် ထိုသားရဲသည် ထိုစကားကိုပဲ ဆက်တိုက်ရေရွတ်နေတော့မှာဖြစ်သည်။
သေစမ်း၊ ဒီတော့ သူက အချိန်အကြာကြီး ဒီသေးငယ်တဲ့ကောင်းကင်လှိုင်းသံဖားရဲ့ အရူးလုပ်တာကို ခံနေခဲ့ရတာပေါ့။
ရွှေလက်မောင်းလူဝံ အလွန်အမင်းဒေါသထွက်သွားကာ ဖားသားရဲ၏ဘဝကို အဆုံးသတ်ပေးဖို့ရန် ချက်ချင်းပင် သူ၏သံမဏိလက်သီးကိုမြှောက်လိုက်သည်။
သို့သော်လည်း နောက်တစ်ခဏမှာပဲ ရေအောက်ထဲမှနေပြီး ရုတ်တရက်ဆိုသလို ဂုဏ်သိက္ခာရှိလှသည့် အသံတစ်သံထွက်လာခဲ့သည်။
“ငါ့ရဲ့လက်အောက်ငယ်သားကို မင်းဘာလုပ်ချင်တာလဲ?”
ရွှေလက်မောင်းလူဝံ ရုတ်တရက် တုန်လှုပ်သွားကာ သူကိုယ်ပေါ်ရှိ ရှိသမျှအမွေးတွေအကုန် ထောင်ထသွားတော့သည်။
ဒီတစ်ကြိမ်ထွက်ပေါ်လာသည့်အသံမှာ တကယ်ကို ထိုဆရာကြီးမှန်း သူသိလိုက်သည်။
သူ့တစ်ကိုယ်လုံး ချွေးအေးများဖြင့် ဖုံးလွှမ်းသွားသော်လည်း သတိလက်လွတ်မဖြစ်ရဲပေ။ ဒီအချိန်လေးမှာ တစ်စုံတစ်ရာသာမှားယွင်းသွားသည်နှင့် သူသေရလိမ့်မည်မှန်း သိလို့နေသည်။
ခက်ခက်ခဲခဲ တံတွေးမြိုချလိုက်ပြီးနောက်၊ “စီနီယာကြီး၊ ဒါ ငါ့အမှားပါ။ ငါက မင်းကို တွေ့ချင်ရုံပဲကို သူက လာရှုပ်နေတယ်လို့ တွေးလိုက်မိလို့ပါ။”
“မင်းက ငါ့ကို ဘာလို့ တွေ့ချင်တာလဲ?”
“ဒါက ဒီလိုရှိပါတယ်။ ငါ ကောင်းကင်တောင်တန်းနှင်းကြာပွင့်တစ်ပွင့်ကောက်ရခဲ့လို့။ အဲ့ဒါ စီနီယာကြီး ပြုတ်ကျကျန်ခဲ့တာများလားလို့ပါ?”
သူ့နောက်ရှိ အဇူရာနွားထီးတို့ကတော့ သူ့တို့ခွာများကို တိတ်တဆိတ်မမြှောက်မိကြဘဲ မနေနိုင်ခဲ့ပေ။
ဘယ်လောက်တောင် အားကောင်းလှတဲ့ဆင်ခြေကြီးလဲ။ တစ်ဖက်ကို ဤအကြောင်းပြချက်နဲ့ ဆွဲဆောင်လို့တောင် ရနိုင်တယ်။
ကောင်းကင်တောင်တန်းနှင်းကြာပန်းသည် သားရဲတို့၏ခွန်အားကို အမြောက်အမြားတိုးမြှင့်ပေးနိုင်စွမ်းရှိသည့် အလွန်ထူးခြားသည့်သဘာဝရတနာတစ်ပါးဖြစ်သည်။
ကံမကောင်းစွာဘဲ၊ တစ်ဖက်က ကြည့်တောင်မကြည့်လာဘဲ တိုက်ရိုက်ပြောလိုက်သည်။ “ချခဲ့ပြီး ထွက်သွားတော့။”
“အမ်…”
ရွှေလက်မောင်းလူဝံ၏မျက်နှာမှာ တွန့်ရှုံ့သွားတော့သည်။ ဒါ ဘာမှမဟုတ်လို့လား?
“စီနီယာကြီး၊ တကယ်တော့ ငါ ကောင်းကင်တောင်တန်းသွေးကြာပန်းကိုလည်း ကောက်ရခဲ့တယ်။ ဒါကကော မင်းပိုင်တာများလား။”
“ဟုတ်တယ်၊ ရေကန်ထဲ ပစ်ချပေးပြီး သွားတော့။”
ရွှေလက်မောင်းလူဝံ : “….”
တကယ်ပဲ သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲရော ဟုတ်ရဲ့လား?
ဘာလို့များ လှည့်ကွက်တွေအများကြီး ဝှက်ထားတယ်လို့ ခံစားနေရတာပါလိမ့်?
လှည့်ကွက်ပိုင်းတွင် တစ်ဖက်က သူ့သခင်ထက်တောင် ပိုတော်နေသလိုပဲ။
ဘယ်အရာကိုမှ မငြင်းပယ်ပေမဲ့ ထွက်လာဖို့တော့ ဆန္ဒမရှိဘူး။ ဘာသိဘာသာနေနိုင်လိုက်ပုံများ!
သူသာ တကယ်ပဲ ထိုအဖိုးတန်ကြာပန်းများကို ပေးလိုက်ရင်တောင် ဘာမှအကျိုးထူးလာမှာမဟုတ်ဘူး။
“စီနီယာကြီး၊ ငါ့ဘဝမှာ သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲတစ်ကောင်ကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ သိုင်းဘုရင်အဆင့်သားရဲတစ်ကောင်က ဘယ်လောက်တောင်မှ အားကောင်းလဲ ငါအမြဲတမ်းမြင်ဖူးချင်ခဲ့တာ။ စီနီယာကြီးကများ ငါ့ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်မလား?”
တစ်ဖက်က ပြန်မဖြေခင် အတော်ကြာသည်အထိ တိတ်ဆိတ်သွားခဲ့သည်။ “ငါအဲဒီပစ္စည်းကို မလိုချင်ဘူး။ ထွက်သွားတော့။”
ရွှေလက်မောင်းလူဝံ : “….”
သူကိုယ်တိုင် ရှေးဟောင်းတောင်နယ်နိမိတ်တွင် နှစ်ထောင်ပေါင်းများစွာနေထိုင်ခဲ့ပြီး အဇူရာနွားထီးတို့နှင့်အတူ လုရှောင်ယန်ကို ခေါ်ဆောင်ခဲ့ခြင်းသာမဟုတ်လျှင် ဤရေကန်အောက်တွင် သိုင်းဘုရင်အဆင့်သားရဲတစ်ကောင် အမှန်တကယ်ရှိပါ့မလားဟုတောင် သံသယဝင်မိပေလိမ့်မည်။
ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းတစ်ချက်ချကာ ဆက်ပြောလိုက်သည်။ “ဒါဆိုလဲ ကောင်းပြီ။ အစကတော့ စီနီယာကြီးကို ငါ့သခင်နဲ့တွေ့ပေးဖို့ ခေါ်သွားချင်ခဲ့တာဆိုပေမဲ့ စီနီယာကြီးက ဆန္ဒမရှိမှတော့ ထားလိုက်ပါတော့။ ကြည့်ရတာ ပုန်းကွယ်ဧကရာဇ်နှင်းကြာပန်းကိုရှာလာခဲ့တာ အချိန်ဖြုန်းမိသလိုဖြစ်သွားပုံပဲ။”
ထိုစကားဆုံးသွားသည်နှင့် အစက ငြိမ်သက်နေခဲ့သည့်ရေကန်ကြီးသည် ရုတ်တရက်ဆိုသလို လှိုင်းကြမ်းများလွန့်လူးလာခဲ့သည်။
ကောင်းကင်ရှိ တိမ်တိုက်များသည်လည်း လှုပ်ရှားလာခဲ့သည်။
ထိုအချိန်မှာပဲ ရေထဲမှနေပြီး ပေါက်ကွဲမှုများစွာဖြစ်ပေါ်လာကာ ကြီးမားသည့်ပင်လယ်လိပ်လိုအရိပ်ကြီးသည် ရေထဲမှနေပြီး ထွက်ပေါ်လာခဲ့သည်။
အတိအကျပြောရလျှင်တော့ ၎င်းသည် လိပ်နက်သွေးမျိုးဆက်ဖြစ်သည့် သိုင်းဘုရင်အဆင့်လိပ်နက်တစ်ကောင်ဖြစ်သည်။
၎င်း၏ကြီးမားသော ကိုယ်ထည်ကြီးသည် မီတာရာဂဏန်းအနည်းငယ်လောက်အထိတောင် ကြီးမားလေသည်။ ပြောရရင် မိစ္ဆာသားရဲငယ်ပေါင်းများစွာကို နေထိုင်စရာပတ်ဝန်းကျင်တစ်ခုပေးနိုင်လောက်သည်အထိကြီးမားသော ရွေ့လျားနေသည့်ကျွန်းတစ်ခုလိုပင်။
၎င်း၏ရှေ့မှောက်တွင်တော့ ရွှေလက်မောင်းလူဝံသည် ကပ်ပါးပိုးကောင်လေးတစ်ကောင်သဖွယ် သေးငယ်လို့သွားသည်။
“ပုန်းကွယ်ဧကရာဇ်နှင်းကြာပန်း ဘယ်မှာလဲ?”
လိပ်နက်ကြီးက ဖြည်းညှင်းစွာပြောလာခဲ့သည်။ ထိုစကားကိုကြားပြီး ရွှေလက်မောင်းလူဝံမှာ ချက်ချင်းပင် ဆွံ့အသွားခဲ့သည်။
အဲဒီကြာပန်းဘယ်မှာရှိတုန်း သူက ဘယ်လိုလုပ်သိမှာလဲလို့?
သူသာသိနေရင် ချက်ချင်းစားပစ်လောက်ပြီမဟုတ်ဘူးလား? တကယ်ပဲ တခြားသားရဲတွေဆီ အပြေးအလွှားလာပြီး မိုက်မိုက်မဲမဲနဲ့ ပေးကမ်းနေမှာတဲ့လား?
လုရှောင်ယန်မှာ တစ်ပွင့်ရှိပေမဲ့ သူ့ကိုပေးချင်စိတ်ရှိဦးမှလေ။
ရွှေလက်မောင်းလူဝံ နှုတ်ဆိတ်သွားသည်ကိုမြင်ရသည်နှင့် လိပ်နက်၏အမူအရာမှာ အေးစက်သွားကာ ချက်ချင်းဆိုသလို ပြင်းထန်အားကောင်းသည့်အရှိန်အဝါကို ထုတ်လွှတ်လိုက်တော့သည်။
“ငါ့ကိုများ လိမ်ညာရဲတယ်ပေါ့!”
ရွှေလက်မောင်းလူဝံ ရင်တုန်သွားကာ ထိုဖိအားပေးနိုင်လွန်းသည့် ပြင်းအားက သူ့ကို ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာဖြစ်သွားစေမလိုပင်။
သေစမ်း။
တစ်ဖက်ကသာ တိုက်ခိုက်လာရင် သူ နေရာမှာတင် အမှုန့်ဖြစ်သွားနိုင်တယ်မဟုတ်လား?
ကံကောင်းစွာဖြင့် ထိုအချိန်မှာပဲ လုရှောင်ယန်၏အသံက အချိန်ကိုက် ပေါ်လာခဲ့သည်။
“ဒီကောင်မှာ ပုန်းကွယ်ဧကရာဇ်နှင်းကြာပန်း မရှိပေမဲ့၊ ငါ့မှာတော့ ရှိတယ်….”
***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစနစ် Book 2Where stories live. Discover now