အပိုင်း ၂၅၈

358 48 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၇။ အပိုင်း ၂၅၈  အကြီးဆုံးအစ်ကိုကြီး

လေထုထဲတွင် ခဏတာမျှအေးချမ်းမှုရရှိလိုက်ပြီးနောက် ဆုချန်၏မျက်နှာအရောင်အသွေးမှာ ခရမ်းရောင်သို့ပင် ပြောင်းနေပေပြီ။
ရှန့်ကွမ်းလျို့လီက ကြောက်ကြောက်ရွံ့ရွံ့ဖြင့် စကားစလိုက်သည်။ “အရှင်မင်းကြီး၊ ငါတို့ကို ချောင်မြောင်းတိုက်ခိုက်နေတဲ့လူက သေချာပေါက် သာမာန်လူတစ်ယောက်မဟုတ်ဘူး။ မြန်မြန်လေး တပ်ပြန်ဆုတ်ကြရင် မကောင်းဘူးလား?”
အခုလေးတင် သိုင်းဘုရင်အဆင့်ကျင့်ကြံသူဆယ်ဦးနီးပါးသည် အစီအရင်ပေါက်ကွဲမှုထဲ ပါသွားခဲ့ပေပြီ။
နတ်ဘုရားခန်းမ၏ရှေ့ပြေးတပ်ဖွဲ့အားလုံးနီးပါးသည် အစီအရင်ကြောင့် သေကြေပျက်စီးခဲ့ကြပြီဖြစ်သည်။
ဤသည်မှာ ရှန်းကွမ်းလျို့လီ ဝင်ရောက်လာပြီးကတည်းက နတ်ဘုရားခန်းမကြုံတွေ့ခဲ့ရသည့် အဆုံးရွားဆုံးနီးပါး ဆုံးရှုံးမှုတစ်ရပ်ပင်။
ယခင် မဟာချင်အင်ပါယာကို တွန်းလှန်ခဲ့ကြတုန်းကပင် နတ်ဘုရားခန်းမဆောင်သည် ကောင်းချီးအဖြာဖြာဖြင့် အနိုင်ရခဲ့သေးသည်ကို သိထားရပေမည်။
“မဖြစ်နိုင်ဘူး!”
ဆုချန်အော်ဟစ်လိုက်ကာ သူ၏မျက်လုံးများသည်လည်း အလွန်အမင်းရဲတောက်နေခဲ့သည်။
“သေသွားတဲ့လူတွေက အမှိုက်အဖွဲ့မို့လို့ပဲ။ ငါ့မှာ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူပေါင်း ၃၇ယောက်နဲ့ သူတော်စင်အဆင့်ကျွမ်းကျင်သူပေါင်း တစ်ရာကျော်ကျန်ပါသေးတယ်။ ဒီအတိုင်း ဘယ်လိုလုပ်ပြီး ပြန်ဆုတ်ခွာရမှာလဲ?”
“အားလုံး အသင့်ပြင်ထားကြ။ အစီအရင်တိုက်ခိုက်မှုက ရပ်တန့်သွားပြီ။ ရန်သူ့ဘက်က သေချာပေါက် ကိုယ်တိုင်ထွက်တိုက်ခိုက်လာတော့မယ်။ သတ်ပစ်ကြ!”
သူစကားဆုံးသွားပြီးသည်နှင့် နီရဲရဲအလင်းတန်းတစ်သွယ်သည် မဟာကျိုးအင်ပါယာ၏မြေပြင်မှနေပြီး ရုတ်တရက် ထိုးထွက်လာခဲ့ပြန်သည်။
ထိုနီရဲရဲအလင်းတန်း၏စွမ်းအင်သည် ယခင်အလင်းတန်းများထက် ပိုမိုအားကောင်းလှသည်။
ထွက်ပေါ်လာပြီးနောက် ၎င်းအလင်းတန်းသည် မီတာတစ်ထောင်ကျယ်သောလေဟာနယ်လှိုဏ်ခေါင်းကြီးပါမာ ကျင့်ကြံသူများကြားသို့ တိုးဝင်သွားခဲ့သည်။
အလင်းတစ်ချက်လက်သွားသည်နှင့် သူတော်စင်အဆင့်ကျင့်ကြံသူ ၃၀ဦးနှင့် သိုင်းဘုရင်အဆင့်ကျင့်ကြံသူ၇ဦးတို့သည် အလင်းတန်း၏ပိတ်လှောင်ခံလိုက်ကြရသည်။
ဘုန်း!
ပြင်းထန်လှသည့်ပေါက်ကွဲမှုကြီးတစ်ခုဖြစ်သွားပြီးနောက်တွင်တော့ ထိုသူတော်စင်အဆင့်ကျင့်ကြံသူ ၃၀ ဦး နှင့် သိုင်းဘုရင်အဆင့်ကျင့်ကြံသူ ၇ဦးတို့သည် နေရာတွင်ပင် အစအနပျောက်အောင် သတ်ဖြတ်ခံလိုက်ကြရသည်။
ကျွင့်မိသားစုမှသိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများမှာ ထိုမြင်ကွင်းကိုမြင်ပြီးနေရာတွင်ပင် ကျောက်ရုပ်ပမာတောင့်ခဲသွားကြတော့သည်။
လုရှောင်ယန် အလွန်အစွမ်းထက်သည်ကို သူတို့သိထားပြီးကြပြီးဖြစ်သည်။
သို့သော်လည်း လုရှောင်ယန်၏အစွမ်းထက်မှုက ဤမျှလောက်အထိ ကြီးမားလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ကြပေ။
သူတို့ တိုက်တောင်မတိုက်ခိုက်ရသေးခင်မှာပင် တစ်ဖက်မှ သိုင်းဘုရင်အဆင့်ဆယ်ယောက်ထက်မနည်း အသတ်ခံလိုက်ရပြီဖြစ်သည်။ ထို့အပြင် စီးနင်းလာသည့် စစ်သင်္ဘောရာထောင်ချီအနက် အခုဆို ဆယ်ပုံတစ်ပုံလောက်သာ ကျန်ရစ်ခဲ့တော့သည်။
ဒီလူက စစ်ပွဲအတွက်မွေးဖွားလာတဲ့သူပဲ။
ကံကောင်းစွာဖြင့် ကျွင့်မိသားစုသည် ထိုလူကို ဆန့်ကျင်ထားခြင်းမရှိပေ။ ဒီလိုနည်းလမ်းမျိုးတွေနဲ့သာဆို ကျွင့်မိသားစုဆိုလျှင်တောင်မှ ဒုက္ခလှလှတွေ့ရပေလိမ့်မည်။
ဆုချန်မှာ ဒေါသထွက်လွန်း၍ သွေးပင်အန်မိတော့မတတ်ပင်။ တစ်ချိန်တည်းမှာပဲ အောက်ဘက်တွင် ပုန်းအောင်းနေသည့် လုရှောင်ယန်သည် နောက်ဆုံးတွင်တော့ အမိန့်တစ်ခု ထုတ်ပြန်လာခဲ့လေပြီ။
“သတ်ကြ!”
စစ်မှန်သောအမြင်အာရုံသုံးပါးကို အသက်သွင်းကာ လူတိုင်း၏ရှေ့မှောက်တွင်ရှိသော လေဟာနယ်အတားအဆီးကို တိုက်ရိုက်ဖွင့်ပေးလိုက်ခြင်းဖြင့် လုရှောင်ယန်သည် သူ့လက်အောက်ရှိ သိုင်းဘုရင်အဆင့်ကျင့်ကြံသူများနှင့် သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲများကို မီတာထောင်ပေါင်းများစွာကို အတူတကွဖြတ်ကျော်စေ၍ ရန်သူ၏ရှေ့မှောက်သို့ အရောက်ပို့ဆောင်ပေးလိုက်သည်။
တခဏလောက် တစ်ဖက်က ပြန်မတုံ့ပြန်နိုင်ခင်မှာပဲ သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲအားလုံးသည် ကောင်းကင်ယံသို့ ရောက်ရှိလာကြပြီး သေတဲ့အထိ အစွမ်းကုန်တိုက်ခိုက်ကြလေတော့သည်။
ကောင်းကင်ယံတွင် သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲတို့ တိုက်ခိုက်နေကြခြင်းကြောင့် လေဟာနယ်အတားအဆီးတို့မှာ ချက်ချင်းကွဲအက်ကုန်ကြပြီး လေဟာနယ်လမ်းကြောင်းတို့ကို ဆက်တိုက်ပြိုကျနေစေခဲ့သည်။
သိုင်းဘုရင်အဆင့်ကျင့်ကြံသူများမှလွဲ၍ ဘယ်သူကမှ ခုခံနိုင်လိမ့်မည်မဟုတ်ပေ။
လေဟာနယ်စွမ်းအားတို့ ကွဲအက်နေခြင်းကို ခုခံနိုင်လျှင်တောင်မှ လေဟာနယ်များသည် သိုင်းဘုရင်အဆင့်ကျင့်ကြံသူတို့တိုက်ခိုက်နေခြင်း၏နောက်ဆက်တွဲလှုပ်ခတ်မှုများနှင့်အတူ ပြည့်နှက်နေဆဲဖြစ်သည်။ ၎င်းသည် သူတော်စင်အဆင့်ကျင့်ကြံသူများကိုပင် ကြောက်လန့်စေနိုင်သည့် ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားတစ်ခုလည်းဖြစ်သည်။
စုန့်ရှန်းနျန်နှင့်ကျန်လူများမှာ ခြေတစ်လှမ်းဝင်ပြီးရုံသာ ရှိသေး ချက်ချင်း ရပ်တန့်လိုက်ကြသည်။
“အပေါ်မှာ အရမ်းအန္တရာယ်များမယ့်ပုံပဲ။ ငါတို့ဘာလို့ ဒီမှာပဲ မနေကြတာလဲ?”
“အွန်း၊ ငါလည်း အဲ့လိုပဲတွေးတယ်။”
“မနာလိုလိုက်တာ။ ဆရာတူညီငယ်အသစ်လေးကတော့ ဆရာနဲ့အတူ တိုက်ခိုက်နိုင်တယ်။”
သို့သော်လည်း ထိုအခိုက်အတန့်တွင်ပင် သူတို့အနားမှ အလွန်အစွမ်းထက်သောအရှိန်အဝါတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုအရှိန်အဝါသည် ချက်ချင်းဆုံးသလို သူတို့၏နှလုံးသားများကို တုန်လှုပ်သွားစေခဲ့သည်။
လူတိုင်းအ၏ကြ့်က ထိုအရှိန်အဝါထွက်ပေါ်လာသည့်နေရာသို့ တပြိုင်နက်ရောက်ရှိသွားကြသည်။
တခြားဘယ်သူမှမဟုတ်ဘဲ ယွင်လီကောဖြစ်နေလေသည်!
“အကြီး.. အကြီးဆုံးအစ်ကိုကြီး?”
လူတိုင်း၏မျက်လုံးများပြူးကျယ်နေကာ မယုံကြည်နိုင်ခြင်းများစွာဖြင့် ယွင်လီကောကို ကြည့်နေခဲ့ကြသည်။
ယွင်လီကောသည် သိုင်းဘုရင်အဆင့်ကျင့်ကြံသူတစ်ယောက်၏အရှိန်အဝါမျိုး ထုတ်လွှတ်နိုင်လိမ့်မည်ဟု ဘယ်သူမှ မထင်မှတ်ထားကြပေ။
ယွင်လီကောက မထူးခြားနားစွာ ပြုံးပြလိုက်သည်။ သိုင်းဘုရင်အဆင့်ကျင့်ကြံသူတစ်ဦး၏အရှိန်အဝါက သူ့ကို အလွန်လျှို့ဝှက်ဆန်းကြယ်သောအသွင်မျိုးဖြစ်သွားစေသည်။
“စိတ်မကောင်းပါဘူး။ ငါက သိုင်းဘုရင်အဆင့်ထဲ ရောက်ပြီးသား။”
ကျီဝူရှားတစ်ယောက် ဆွံ့အနေကာ စိတ်ထဲတွင်တော့ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေလေသည်။
“ဘယ်တုန်းက သိုင်းဘုရင်အဆင့်ကိုရောက်သွားတာလဲ? ဘာလို့ ငါ မသိရတာလဲ?”
ယွင်လီကောက ပြုံးလျက်နှင့်ပင် ဆက်ပြောလခဲ့သည်။ “မင်းတို့မေ့နေကြပြီလား? ဆရာက ငါတို့ရဲ့ကျင့်ကြံဆင့်တွေကို အနည်းဆုံးလေးဆင့်လောက်အထိ ဖုံးကွယ်ထားဖို့ အမြဲပြောနေကျလေ။ ငါက ဆရာရဲ့လမ်းညွှန်ပြသမှုတွေကို အမြဲတမ်းနားထောင်ပြီး ဘယ်တုန်းကမှ မေ့မထားရဲခဲ့ဘူး။”
“ဟစ်!”
သူတို့အားလုံး အလွန်တုန်လှုပ်သွားကြကာ ဦးရေပြားများပင် ထုံကျင်လို့သွားလေသည်။
အကြီးဆုံးအစ်ကိုကြီးက သူ၏ကျင့်ကြံဆင့်ကို တလျှောက်လုံး ဖုံးကွယ်ထားလိမ့်မည်ဟု မမျှော်လင့်ထားမိကြပေ။ အရမ်း စွမ်းအားကြီးလွန်းတယ်!
အကြီးဆုံးအစ်ကိုကြီးသည် အလွန်သားနားစရာကောင်းသည်ဟု သူတို့အမြဲတွေးနေခဲ့ကြသည်။
သို့သော်လည်း တကယ့်လူပြတ်တွေက အမှန်တော့ သူတို့သာ ဖြစ်နေခဲ့သည်။
ကျူးကောကျီချုံ၏အမူအရာသည်သာ အနည်းငယ်ထူးဆန်းနေကာ တစ်ခုခုမူမမှန်သည်ကို ခံစားမိနေရသကဲ့သို့ပင်။
“ကောင်းပြီ၊ ညီငယ် ညီမငယ်တို့။ ငါ တိုက်ပွဲထဲဝင်ပြီး ဆရာနဲ့ပူးပေါင်းလိုက်ဦးမယ်။ မင်းတို့ကတော့ အောက်မှာပဲ ငါ့ကို အားပေးကြပေါ့။”
ပြောပြီးသည်နှင့် ယွင်လီကောသည် တိုက်ပွဲကွင်းပြင်ဆီသို့ ဦးတည်သွားကာ ရှေးဟောင်းတိုက်ပွဲနတ်ဘုရားလှံတံကိုပါ ဆင့်ခေါ်လိုက်သည်။ သည်သည် လိပ်နက်သားရဲကို တိုက်ခိုက်နေသော နတ်ဘုရားခန်းမမှ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူထံသို့ သူ့လှံတံကို ပစ်လွှတ်လိုက်သည်။
လှံတံသည် သခင်ဖြစ်သူ၏စိတ်ကူးအတိုင်း ကောင်းကင်သို့ထိုးတက်သွားကာ တစ်ဖက်လူ၏ပခုံးကို ချက်ချင်းထိုးဖောက်သွားခဲ့သည်။
ဖူး~!
ရွှေရောင်သွေးတို့ တဟုန်ထိုးစီးကျလာသည်နှင့် ယွင်လီကောသည် သူ့လက်ကောက်ဝတ်ကို လှည့်ကာ တစ်ဖက်လူ၏ပခုံးကို ဖြတ်တောက်ပစ်လိုက်သည်။
လိပ်နက်သားရဲသည် လိပ်နက်အလင်းတန်းကိုပစ်ထုတ်ကာ တစ်ဖက်လူ၏ရင်ဘက်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ဖို့ရန် ထိုအခြေအနေကို အခွင့်ကောင်းယူလိုက်သည်။
လိပ်နက်အလင်းတန်းသည် အလွန်အစွမ်းထက်ပေသည်။ တစ်ဖက်လူ၏ရင်ဘက်ကို ထိသွားသည်နှင့် တိုက်ပွဲစွမ်းအားသည် အလျင်အမြန်ကျဆင်းသွားခဲ့သည်။ တိုက်ပွဲစွမ်းအားပင်ဖြစ်စေ ခုခံနိုင်စွမ်းအားပင်ဖြစ်စေ ထိုအလင်းတန်းသည် ချက်ချင်းလက်ငင်း အောက်ဆုံးအထိရောက်အောင် ဖြုတ်ချပေးနိုင်စွမ်းရှိလေသည်။
“ညစ်ပတ်လိုက်ကြတာ!”
သူ့ကိုယ်တွင်းရှိ အမျိုးမျိုးသောစွမ်းရည်တို့ အလျင်အမြန်ကျဆင်းလာနေသည်ကို ခံစားမိလိုက်သည်နှင့် သိုင်းဘုရင်အဆင့်ကျင့်ကြံသူသည် အလိုမကျစွာ အော်ဟစ်လိုက်တော့သည်။
ကံမကောင်းစွာဖြင့် သူ၏ကျင့်ကြံဆင့်မှာ ကျဆင်းသွားပြီဖြစ်ကာ ယွင်လီကော ထိုအခွင့်အရေးကိုယူ၍ လည်ချောင်းကို လှံဖြင့် ထိုးခွဲလိုက်လေသည်။ ယွင်လီကောသည် ရှေးဟောင်းဧကရာဇ်ကျမ်းကို အစွမ်းကုန်ထုတ်သုံးကာ ရှေးဟောင်းနတ်ဘုရားလှံတံဖြင့် ပေါင်းစပ်ထားခဲ့ခြင်းဖြစ်တာကြောင့် တစ်ဖက်လူ၏လည်မြိုကို တိုက်ရိုက်ဖောက်ခွဲပစ်နိုင်ခဲ့သည်။
တစ်ဖက်လူ၏ခေါင်းပြတ်ကြီးမှ သွေးစက်များသည် လေထုထဲသို့ ပက်ဖြန်းလိုက်သလိုပင်။
လိပ်နက်သားရဲသည် ၎င်း၏သွေးစွန်းနေသော ပါးစပ်ကြီးကို ဖွင့်ဟကာ တစ်ဖက်လူ၏ခန္ဓာကိုယ်ကို တစ်လုတ်တည်းဖြင့် ဝါးမြိုချလိုက်သည်။ ထို့အပြင် ယွင်လီကောသည် သူ၏လှံဖြင့် တစ်ဖက်လူ၏ကျန်ရှိသည့်ဦးခေါင်းကိုပါ အပြည့်အဝပေါက်ကွဲသွားစေခဲ့သည်။
“အကြီးဆုံးအစ်ကိုကြီးက စွမ်းလိုက်တာ!”
“အကြီးဆုံးအစ်ကိုကြီးက အရမ်းအံ့ဩဖို့ကောင်းတာပဲ!”
“အခုကစပြီး အကြီးဆုံးအစ်ကိုကြီးက ငါ့ရဲ့ကိုးကွယ်ရာပဲ!”
လူတိုင်း အလွန်စိတ်လှုပ်ရှားကာ အော်ဟစ်နေကြသည်။
ထိုအချိန်မှာပဲ ယွင်လီကောက ရုတ်တရက် သူ၏အရှိန်အဝါတို့ကို ပြန်ရုတ်သိမ်းကာ လူတိုင်း၏ရှေ့မှောက်သို့ ပြန်လည်ဆင်းသက်လာခဲ့သည်။
“အကြီးဆုံးအစ်ကိုကြီး၊ ဘာလို့ ထပ်ပြီး မပါဝင်တော့တာလဲ?”
“ဟုတ်သားပဲ၊ အကြီးဆုံးအစ်ကိုကြီး၊ မင်းပါလိုက်ရင် ငါတို့မှာ တိုက်ပွဲစွမ်းအားအပိုရှိမလာနိုင်ဘူးလား?”
ယွင်လီကောကတော့ တည်ကြည်လေးနက်သည့်အမူအရာဖြင့် ပြန်ပြောလာသည်။ “မရဘူး၊ ငါ အခုလေးတင် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူကို သတ်ပြီးတော့ ငါ့ကိုယ်ထဲက ဝိညာဉ်စွမ်းအားတွေ ဗရမ်းဗတာဖြစ်လာပြီး အဆင့်တက်တော့မယ်လို့ ခံစားမိတယ်။ ငါသာ ဆက်ပြီးတိုက်ခိုက်နေဦးမယ်ဆိုရင် ငါ့ရဲ့ဝိညာဉ်စွမ်းအားတွေကို မထိန်းချုပ်နိုင်တော့မှာ စိုးမိတယ်။ အဲလိုသာဆို တခြားလူတွေသာ အခြေအနေကို အခွင့်ကောင်းယူကုန်ကြရင် ပိုပြီးဒုက္ခများနေမယ်။”
“ဟစ်!”
လူတိုင်း၏အမူအရာတို့မှာ သိသိသာသာပြောင်းလဲဿွားပြန်ကာ အလွန်အံ့ဩတုန်လှုပ်သွားကြပြန်သည်။
လိပ်နက်သားနှင့်အတူ ပူးပေါင်းကာ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူကို သတ်ပြီးနောက်တွင် အကြီးဆုံးအစ်ကိုကြီးသည် ထပ်ပြီး အဆင့်တက်တော့မှာတဲ့လား?
ဒါ သေချာပေါက် ဖြစ်နိုင်တယ်။
အကြီးဆုံးအစ်ကိုကြီးက ငါတို့ထဲမှာ အင်အားအကြီးဆုံးပါရမီရှင်တစ်ယောက်ဆိုပေမဲ့ သူက အမြဲ သိုသိုသိပ်သိပ်နေခဲ့တယ်။
ယွင်လီကောတစ်ယောက် သက်ပြင်းအရှည်ကြီးချကာ သူ၏နှုတ်ခမ်းထောင့်တို့က ကောက်တက်သွားသည်။
မနေ့တုန်းက သူ့ဆရာ၏ဖိနပ်ကို အတော်လေးလျက်ခဲ့ကာ ကံကောင်းစွာဖြင့် သိုင်းဘုရင်အဆင့်တောက်တာဆေးလုံးကို ရရှိခဲ့သည်။ ထိုဆေးလုံးသည် သူ၏ကျင့်ကြံဆင့်ကို အသက်၆၀ရှိုက်စာအထိ သိုင်းဘုရင်အဆင့်သို့ တိုးမြှင့်ပေးပေသည်။ ဒါကြောင့်ပဲ ဒီကနေ့ ဟန်ပြဖို့ရန်အတွက် ထိုဆေးလုံးကို အသုံးပြုခဲ့ခြင်းကြောင့် အစောကလို ဖြစ်ရပ်များ ဖြစ်လာခဲ့ခြင်းဖြစ်သည်။
စိတ်ကျေနပ်ဖို့ကောင်းလိုက်တာ!
အတိတ်တုန်းကဆိုလျှင် သူသည် သူ၏ဆရာတူညီငယ် ညီမငယ်တွေ ကြွားဝါနေသည်ကို အမြဲတမ်း ထိုင်ကြည့်နေခဲ့ရသည်။ အခုတော့ နောက်ဆုံးသူ့အလှည့်ကို ရောက်လာခဲ့ပြီပဲ။
သူက ချက်ချင်းပင် သေးငယ်သည့်ပန်းတိုင်တစ်ခုကို ချမှတ်လိုက်သည်။ ဤတိုက်ပွဲပြီးနောက် နောင်နှစ်ပေါင်းတစ်သောင်းလောက်အထိ သူ့ဆရာ၏ဖိနပ်ကို လျက်ပေးရပေမည်။
ဒါဆို သေချာပေါက် သူနတ်ဘုရားပင်ဖြစ်လာနိုင်သည်!
ကောင်းကင်ပေါ်တွင်တော့ တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေခဲ့သည်။
သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူဒါဇင်ပေါင်းများစွာကြားမှ တိုက်ပွဲသည် ကောင်းကင်ကြီးတစ်ခုလုံးကို ပြိုကျစေတော့မတတ်ပင်။
လေဟာနယ်အကွဲအပြဲများက ဆက်လက်ကျယ်ပြန့်လို့လာနေသည်။ ထိုလေဟာနယ်အကွဲအပြဲကနေပြီး တချို့သောအင်အားကြီးရောင်ဝါတို့က သူတို့ကို လျှို့ဝှက်ထောင်လှမ်းနေသည်ကိုတောင်မှ လူတိုင်းခံစားမိနိုင်ကြသည်။
ဆုချန်၏မျက်လုံးများမှာ သွေးလိုမျိုး ရဲရဲတောက်နေခဲ့သည်။ သိုင်းဘုရင်အဆင့်ကျင့်ကြံသူတစ်ဦးသေတိုင်း သူ့ရင်ထဲက နာကျင်ရသည်။
သူ့လက်အောက်ငယ်သားတွေဆိုတာ သူ့ရဲ့တိုက်ပွဲခွန်အားပဲ!
အခုတော့ သူတို့တွေ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံနေကြရပေပြီ။
ဒါက သူ့ညာလက်မောင်းကို ဖြတ်ချလိုက်သလိုပါပဲ။
သူ ဒေါသထွက်နေချိန်မှာပဲ မျက်နှာဖုံးစွပ်ထားသည့်အသွင်တစ်ခုသည် သူ့ရှေ့မှောက်တွင် ရုတ်ချည်းထွက်ပေါ်လာခဲ့သည်။
ဓားရှည်တစ်ချောင်းသည် လေဟာနယ်ကို စုတ်ဖြဲကာ သူ့ခေါင်းထက်သို့ တိုက်ရိုက်ဆင်းသက်လာခဲ့သည်။
သို့သော်လည်း ဆုချန်ကတော့ ထိုဖြစ်ရပ်ကြောင့် ကြောက်လန့်မသွားသလို ထိတ်လန့်သွားခြင်းလည်း မရှိပေ။
သူ၏သွေးနီရောင်မျက်လုံးများသည် တုန်ရီလာပြီး ပြင်းထန်သောအရှိန်အဝါတစ်ခုသည် ရုတ်တရက်ဆိုသလို သူ့ရှေ့တွင် ပေါ်ထွက်လာသည်။
ထို့နောက် သူ၏ ပုဆိန်သွားတပ်လှံရှည်ကို သူ့ခေါင်းထက်သို့ မြှောက်တင်လိုက်သည်။
ချွမ်း!
ဓားရှည်သည် ထိုပုဆိန်သွားလှံရှည်ပေါ်သို့ ဆင်းသက်သွားကာ မီးပွားများပင် ဖြစ်ပေါ်လာခဲ့သည်။ ၎င်းသည် ဘေးနှစ်ဖက်ရှိ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများကို ထိမှန်ခဲ့ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့သည်။
ချက်ချင်းပင် ဝတ်ရုံရှည်နှင့်ဝါးဦးထုပ်ဆောင်းထားသော ပုံရိပ်တစ်ခုသည် သူ့ရှေ့တွင် ပေါ်လာခဲ့သည်။
ဆုချန်သည် ပုဆိတ်သားလှံရှည်ကို ကိုင်ထားရင်း လုရှောင်ယန်ကို အေးစက်စွာ ကြည့်နေခဲ့သည်။
“နောက်ဆုံးတော့ရောက်လာပြီပေါ့။ မင်းက နောက်ကွယ်က ကြိုးကိုင်တဲ့သူလား?”
ထိုစကားပြောပြီးလျှင်ပြီးခြင်း သူ၏ပုဆိတ်သွားလှံရှည်ကို ဝှေ့ယမ်းကာ လုရှောင်ယန်ကို ပြန်လည်ဖိအားပေးတိုက်ခိုက်လေသည်။
လုရှောင်ယန်၏လက်ထဲမှဓားရှည်ကို မြင်ပြီးနောက် ဆုချန်၏မျက်လုံးတို့ အနည်းငယ်ကျဉ်းမြောင်းလို့သွားခဲ့သည်။
“စိတ်ဝင်စားစရာပဲ။ မင်းမှာလည်း နတ်လက်နက်တစ်ခုရှိနေတယ်။ ဒီလောကမှာ နတ်လက်နက်ကို ကိုင်နိုင်တဲ့သူက ငါတစ်ယောက်တည်းလို့ ထင်ထားခဲ့တာ။ ကြည့်ရတာ မင်းကလည်းသာမာန်လူတစ်ယောက် မဟုတ်ပုံဘဲ။”
လုရှောင်ယန်သည် တစ်ဖက်လူ၏လက်ထဲမှ ပုဆိတ်သွားလှံရှည်ကိုကြည့်ကာ သူ့ရင်ထဲတွင် မလှောင်ရယ်မိဘဲ မနေနိုင်ခဲ့ပေ။
နတ်လက်နက်၊ ကြည့်ရတာ ကောင်းကင်ဘုံကတောင်မှ သူ့ကိုမျက်နှာသာပေးတဲ့ပုံပဲ။
သို့သော်လည်း သူတကယ်ကြောက်မိသည့်အရာက ထိုအရာမဟုတ်ဘဲ ဆုချန်၏ကျင့်ကြံဆင့်မှာ တကယ်တော့ သိုင်းဘုရင်ပဉ္စမအဆင့်သို့ ရောက်ရှိနေခြင်းကြောင့်ပင်။
ဆုချန်၏တိုးတက်နှုန်းက သူ့ထက်တောင်မှ မြန်နေပါ့လား။
“မင်းရောက်နေပြီဆိုမှတော့ ဖုံးကွယ်မနေနဲ့တော့။ မင်းရဲ့ အစစ်အမှန်ပုံစံကို ထုတ်ပြပြီး မင်းဘယ်သူလဲဆိုတာ သိခွင့်ပေးလိုက်စမ်းပါ။”
စိတ်မကောင်းစွာဖြင့် လုရှောင်ယန်က သူ့ကိုလျစ်လျူရှုထားလေသည်။
မြင်းနက်တစ်ယောက်နှင့် တိုက်ခိုက်နေချိန်တွင် စကားမပြောသင့်ပေ။ သူတို့ပြောလိုက်သည့် စကားလုံးတို့မှာ သူတို့၏သေဆုံးဖို့အခွင့်အရေးကို တိုးမြှင့်ပေးနေသလိုသာ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် နောက်တစ်စက္ကန့်မှာပဲ လုရှောင်ယန်က သူ့ဓားကိုမြှောက်ကာ ပြန်လည်တိုက်ခိုက်လာသည်။
ရွှမ်ဟွမ်ဓားသည် တစ်ခါခုတ်လိုက်တိုင်း လေထုထဲတွင် ရွှေရောင်အလင်းတန်းများချန်ရစ်ခဲ့ကာ ဆုချန်၏ခေါင်းဆီသို့သာ ဦးတည်လို့သွားသည်။
“ဟမ့်! မင်းက စကားမပြောဘူးပေါ့? ဒီတော့လည်း မင်းကိုသတ်ပြီး မင်းဘယ်သူဆိုတာ ကြည့်ရသေးတာပေါ့!”
ဆုချန်၏အမူအရာမှာ အေးစက်လို့နေသည်။ သူ့လက်ထဲရှိ ပုဆိတ်သွားလှံရှည်ဖြင့် လုရှောင်ယန်ကို ပြန်လည်ကြိုဆိုပေးလိုက်သည်။
ဘုန်း!
နတ်လက်နက်နှစ်ခု တိုက်ခိုက်ကြသည်နှင့် ထိတ်လန့်ဖွယ်ရာအလင်းတန်းကြီးများက ချက်ချင်းထွက်ပေါ်လာလို့လာတော့သည်။
ထိုပြင်းထန်အားကောင်းသည့်စါမ်းအားတို့သည် ကောင်းကင်ယံရှိ နေရာလွတ်အကွဲအပြဲကို နောက်ထပ်ဆယ်ပုံတစ်ပုံအထိ ပိုလို့ကျယ်သွားစေခဲ့သည်။
သူတို့နှစ်ဦးနှင့် နီးနေခဲ့သည့် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူလေးဦးတို့မှာ ထပ်ပြီး လွင့်ပါသွားကြပြန်ကာ ဒဏ်ရာအပြင်းအထန် ရရှိသွားသည်။
သူတို့နှစ်ဦးကြားတွင် လောကစည်းမျဉ်းတို့ ထိပ်တိုက်တွေ့စုံကြခြင်းသည် သေချာပေါက ရိုးရှင်းသည့်အရှိန်ပြင်းတိုက်ခိုက်မှုမျိုးမဟုတ်တော့ဘဲ သန့်စင်သောစွမ်းအားများဖြစ်သွားပေပြီ။
သူတို့နှစ်ဦး၏တိုက်ခိုက်မျုသည် အလွန်မြန်ဆန်မနေခဲ့ပေ။ လှုပ်ရှားမှုတိုင်းကို နှေးကွေးစွာလှုပ်ရှားနေသကဲ့သို့ ဖြည်းညှင်းစွာ လွတ်မြောက်သွားစေခဲ့ပုံပင်။
သို့သော်လည်း အနားရှိလူများကတော့ ၎င်းတို့ဆီမှထွက်ပေါ်လာသည့် အရှိန်အဟုန်ကို အာရုံခံနိုင်ကာ သူတို့ကိုယ်တိုင်လည်း ရှောင်တိမ်ဖို့ မဖြစ်နိုင်ခဲ့ပေ။
ဒါကမှ လောကစည်းမျဉ်းဆိုတာပဲ။
၎င်းသည် မြင်နိုင်သော်လည်း ရှောင်ဖို့ကတော့ မဖြစ်နိုင်ပေ…။
***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစနစ် Book 2Where stories live. Discover now