အပိုင်း ၂၆၂

355 44 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၇။ အပိုင်း ၂၆၂ ဝမ့်ခိုက်နိုးလာပြီ

“အာ၊ ခင်ဗျားရဲ့မြေးက မစားဘူးလား?”
လူကြီးမင်းလီက မေးလိုက်သည်။
“ငါ့မြေးအကြီးဆုံးက နည်းနည်း ဘာသိဘာသာနေတတ်လို့ပါ”
“လောင်ကျွင့်၊ အဲလိုတော့မဖြစ်သေးဘူး။ မိန်းကလေးတွေ ဘာသိဘာသာနဲ့လူမရောတတ်တာက ဘာမှမဖြစ်ပေမယ့် ယောက်ျားလေးတွေက အရမ်းဘာသိဘာသာနေလွန်းလို့ မဖြစ်ဘူး။ မဟုတ်ရင် သူတို့အနာဂတ်မှာ ကြင်ဖော်ဘယ်လိုလုပ်ရှာမလဲ?”
“ဟုတ်တယ်။ ငါ သူ့ကို မင်းရဲ့စောင့်ရှောက်မှုအောက် ဘာလို့မထားခဲ့ရမှာလဲ? မင်း သူလိုအပ်တာလေးတွေကို ကူညီထိန်းညှိပေးလို့ရတယ်လေ။”
ကျွင့်ပုကျန်း၏နှုတ်ခမ်းစွန်းတို့မှာ ခပ်ကြမ်းကြမ်းမဲ့ရွဲ့မိသွားလေသည်။ ထို့နောက် ချောင်းအသာဟန့်ပြလိုက်သော်လည်း သူ့ဘိုးဘေးထံမှ မျက်စောင်းထိုးချက်ကိုသာ ပြန်လည်လက်ခံရရှိလိုက်သည်။
“မင်းက ဘာလို့ချောင်းဆိုးပြနေတာလဲ?”
လူကြီးမင်းလီက အသာရယ်မောလေသည်။
“လောင်ကျွင့်၊ ကျုပ်ကလူငယ်လေးပါ။ ပြီးတော့ တစ်ယောက်တည်းနေရာတာကို ပိုသဘောကျတယ်။”
“ဒါဆိုလည်း… ကောင်းပြီလေ။”
ဘိုးဘေးကျွင့်၏မျက်လုံးများထဲတွင် စိတ်ပျက်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားရသည်။ ထို့နောက် ကျွင့်ပုကျန်းကို ပြင်းပြင်းထန်ထန်စိုက်ကြည့်လိုက်ပြန်ကာ၊
“မင်းအခုထိ လာထိုင်ပြီး မစားသေးဘူးလား? မင်းဒီလောက်မာန်တက်နမယ်ဆို နောက်ကျ ငါနဲ့မလိုက်ခဲ့နဲ့။”
ကျွင့်ပုကျန်းမှာ အလွန်မှားယွင်းအပြစ်တင်ခံရသလို ခံစားရလေသည်။
ဒီလီဆိုတာကောင်က သူ့ရဲ့အကြီးအကဲမဟုတ်သလို သူ့ဆရာလည်း မဟုတ်ဘူးလေ။ တစ်ဖက်လူကို ကြည့်ရတာ အရူးတစ်ယောက်နဲ့တောင်မှ တူနေသေးတယ်။ ဘာလို့များ သူက ခယဝယဆက်ဆံပေးသင့်မှာလဲ?
သို့သော်လည်း သူ့ဘိုးဘေးကိုတော့ ထိုသို့ခွန်းတုန့်မပြန်ရဲပေ။ မဟုတ်ပါက ပြန်ရောက်တာနဲ့ ပြစ်ဒဏ်ပေးခံရပေလိမ့်မည်။
ဒါကြောင့် စကားနားထောင်ကာ ထိုင်လိုက်ချိန်တွင် သူ့ဘိုးဘေးက အစာတစ်ခါမှမစားခဲ့ရသော ဆာလောင်နေသည့်တစ္ဆေတစ်ကောင်လိုမျိုး ပန်းကန်လုံးကိုကိုင်ကာ အားရပါးရစားနေသည့်မြင်ကွင်းနှင့် ကြုံတွေ့သွားလေသည်။
ထိုမြင်ကွင်းကြောင့် ကျွင့်ပုကျန်းထပ်ပြီး ကြောင်အသွားရပြန်သည်။
ဘိုးဘေး ရူးများရူးသွားတာလား?
သူ့ကျင့်ကြံဆင့်က အရမ်းမြင့်တာလေ၊ အစာစားဖို့လိုသေးလို့လား?
ပြီးတော့ ဒါက စားကောင်းသောက်ဖွယ်တွေလည်း မဟုတ်ဘဲ သာမာန်ဟင်းပွဲလေးတွေလေ။
သံသယများဖြင့် ကျွင့်ပုကျန်း စားစရာတချို့ကို ကောက်ညှပ်လိုက်သည်။ သူတစ်ကိုက်,ကိုက်လိုက်ရုံနဲ့ပဲ သူ့မျက်လုံးတွေကျဉ်းမြောင်းသွားမိလေသည်။
ဒီဟင်းပွဲမှာ သိုင်းရည်ရွယ်ချက်တွေတကယ်ပဲပါဝင်နေတာလား?
ဟာသပဲ!
ထိုအခိုက်အတန့်မှာပဲ သူ့ဘိုးဘေး ဘာကြောင့် သူ့ပုံရိပ်ကိုသူဂရုမစိုက်နိုင်ဘဲ ဘာကြောင့် အသည်းအသန်စားနေရလည်း နားလည်သွားတော့သည်။ ဒီလိုကြောင့်ကိုး။
ပြောရမည်ဆိုလျှင် သိုင်းရည်ရွယ်ချက်ပါဝင်သည့် သဘာဝရတနာမှာ အနည်းငယ်သာရှိပေသည်။
မဟုတ်ပါက တခြားလူ၏ဝိညာဉ်ကိုတိုက်ရိုက်ဝါးမြိုခြင်းဖြင့်လည်း သိုင်းရည်ရွယ်ချက်ကို ရရှိနိုင်သည်။ ဥပမာဆိုရသော် လုရှောင်ယန်၏သိုင်းဘုရင်အဆင့်ဝိညာဉ်ဆေးလုံးတွင် သိုင်းရည်ရွယ်ချက်ပမာဏများစွာ ပါဝင်ပေသည်။
သို့သော်လည်း ဤသည်ကတော့ သာမာန်ပင်။ သိုင်းရည်ရွယ်ချက်ကို ဘယ်လိုလုပ်ပြီးတော့ သိုလှောင်ထားနိုင်တာလဲ?
သူ့ရှေ့က လီဆိုတဲ့လူမှာ တခြားသောထူးခြားချက်တွေများရှိနိုင်တာ ဖြစ်နေမလား?
ယခင်မြင်ကွင်းများကိုပြန်တွေးကြည့်လိုက်လျှင်၊ ခြံထဲတွင်ရှိသည့် သိုင်းဘုရင်အဆင့်သားရဲများနှင့် ဤတောင်ကုန်းငယ်လေးပေါ်သို့ ခြေချလိုက်သည်နှင့် သူကျင့်ကြံဆင့်ဖိနှိပ်ခံခဲ့ရသည်။ တစ်ခုခုတော့ မှားနေပြီဟု ကျွင့်ပုကျန်း စတင်ခံစားမိလာလေသည်။
တကယ်ကိုမှားနေတာပဲ။
ကျွင့်ပုကျန်း သူ့ရှေ့တွင်ရှိနေသည့် ထို ‘လူကြီးမင်းလီ’ကို အဓိပ္ပါယ်ပါပါကြည့်လိုက်သည်။
ဒီလူက သူ့ဆရာပြောတဲ့ မြင်းနက်ဆိုတာများဖြစ်နေနိုင်မလား?
မြင်းနက်တွေကလွဲလို့ အခြေခံအားဖြင့် ဘယ်သူ့မှာမှာ ဒီလိုထူးဆန်းတဲ့စွမ်းရည်မျိုးမရှိဘူး။ နှစ်ပေါင်းများစွာကြာအောင် ကျင့်ကြံခဲ့တဲ့ဆရာကြီးတွေတောင်မှပေါ့။
၎င်းသည် ဤလောက၏စည်းမျဉ်းများကြောင့်ပင်ဖြစ်သည်။ လူတစ်ဦး၏ကျင့်ကြံဆင့်သည် အတိုင်းအတာတစ်ခုအထိ မြင့်တက်သွားပြီဆိုလျှင် သူတို့ကို လက်ရှိလောကတွင် ဆက်လက်တည်ရှိနေစေဖို့ ခွင့်မပြုတော့ပေ။
ပထမဆုံးအနေနှင့် သူတို့၏ကျင့်ကြံဆင့်သည် အလွန်အားကောင်းကာ ပတ်ဝန်းကျင်ရှိလေဟာနယ်တို့မှာ ၎င်း၏ဒဏ်ကိုတောင့်ခံနိုင်ခြင်းမရှိခြင်းကြောင့်ပင်။
ဒုတိယအနေနှင့်ကတော့ ထိုသူတို့သည် တခြားသောထိပ်တန်းအဆင့်ကျွမ်းကျင်သူများကို အလွှတ်မဲ့သတ်ပစ်နိုင်ခြင်းကြောင့်ဖြစ်သည်။
တတိယအချက်အနေနှင့် အရေးအကြီးဆုံးလည်းဖြစ်သည့်အချက်ကတော့ ကျင့်ကြံသူများ၏သက်တမ်းသည် ရှည်လျားရုံသာဖြစ်ပြီး ထာဝရတည်ရှိနေခြင်းမဟုတ်ပေ။ သူတို့သာ အမြင့်တစ်နေရာရောက်အောင် မကျင့်ကြံနိုင်လျှင်၊ သူတို့၏ကျင့်ကြံဆင့်က မြင့်တက်လာနိုင်မည်မဟုတ်ဘဲ သက်တမ်းသည်လည်း ထပ်မံတိုးလာလိမ့်မည်မဟုတ်ပေ။
ဒါကြောင့် လူကြီးမင်းလီ၏ကျင့်ကြံဆင့်သည် ဤလောက၏စည်းမျဉ်းများကိုကျော်လွန်ရန်က မဖြစ်နိုင်ပေ။
သို့ပေမဲ့ မြင်းနက်များအတွက်ဆိုလျှင်တော့ ကွာခြားပေသည်။
သူ့ဆရာပြောစကားအရဆိုလျှင် မြင်းနက်များအားလုံးသည် ဟက်ကာများပင်။ သူတို့၏စကားများက မနှစ်မြို့ဖွယ်ကောင်းပြီး ကိုယ်ရည်ကိုယ်သွေးကတော့ဖြင့် အလွန်မာနကြီးမောက်မာလေသည်။ တစ်စုံတစ်ယောက်ကသာ မြင်းနက်ကို ကျိန်ဆဲလိုက်မည်ဆိုလျှင် သူတို့တစ်မိသားစုလုံးပင် ဖျက်ဆီးခံရပေလိမ့်မည်။
သို့သော်လည်း တစ်ခုခုတော့ မှားနေပြန်ပုံပဲ။
ဒီလူကိုတော့ ဘယ်သူမှရန်မစခဲ့ဖူးသလို သူနဲ့လည်း ဘယ်သူနဲ့မှ စေ့စပ်ကြောင်းလမ်းခြင်းကို မဖျက်သိမ်းခဲ့ဖူးပါဘူး။
ပြီးတော့ သူက မိသားစုတစ်ခုခုက ပြိုင်ဘက်ကင်းပါရမီရှင်ကြီးလည်းမဟုတ်ဘူး!
သို့ပေမည့် ဒီအချက်ရောက်သွားချိန်မှာတော့ ယဲ့မိသားစုမှလူသည် မြင်းနက်တစ်ယောက်ဖြစ်နိုင်သည်ဟု ကျွင့်ပုကျန်းပိုလို့တောင်မှ ယုံကြည်လာမိတော့သည်။
“မင်းဘာလို့မစားတာလဲ? ဘာလို့ငါ့ကိုပဲ ဆက်တိုက်ကြည့်နေရတာလဲ?”
လူကြီးမင်းလီက စိတ်ရှုပ်ထွေးစွာဖြင့် ကျွင့်ပုကျန်းကိုကြည့်လာခဲ့သည်။ ကျွင့်ပုကျန်းလည်း ချက်ချင်းပင် ခေါင်းကိုငုံကာ စားသောက်လိုက်တော့သည်။
“မဟုတ်ဘူး.. ဘာမှမဟုတ်ပါဘူး။”
လူကြီးမင်းလီက ပခုံးတွန့်ကာ ချက်ချင်းပြုံးရယ်လိုက်သည်။
“တကယ်တော့ မင်းအရမ်းကြီးတသီးတသန့်ဖြစ်နေစရာမလိုပါဘူး။ ငါတို့နှစ်ယောက်လုံးက လူငယ်တွေပဲကို။ ပေါ့ပေါ့ပါးပါးနေပေါ့။ ဒါနဲ့ ငါ့နာမည်က လီချင်းဖန်၊ မင်းစိတ်မရှိဘူးဆိုရင် ငါ့ကို အစ်ကိုချင်းဖန်လို့ပဲခေါ်ပေါ့။”
ဘိုးဘေးကျွင့်၏တူများ ရုတ်တရက် ရပ်တန့်သွားလေသည်။
လီချင်းဖန် သူ့နဖူးသူရိုက်လိုက်ကာ၊
“ကြည့်ပါအုံး၊ ငါက မျိုးဆက်ခြားတာပဲ။ ငါက မင်းအဖိုးနဲ့ မိတ်ဆွေကောင်းတွေလေ။ ဒီတော့ ငါ့ကို မင်း အစ်ကိုကြီးလို့ခေါ်ခွင့်ပြုလိုက်လို့ဘယ်ဖြစ်ပါ့မလဲ? ဒီလိုဆိုရင်ရော? ငါ့ကို အကြီးအကဲလို့သာခေါ်တော့။”
ကျွင့်ပုကျန်း ခေါင်းညိတ်လိုက်ကာ အကြီးအကဲလီဟုခေါ်လိုက်သည်။
ထို့နောက် မြေးအဖိုးနှစ်ယောက် စားသောက်ပြီးစီးသွားကြသည်။ ဘိုးဘေးကျွင့်က လီချင်းဖန်နှင့်အတူ ခဏလောက် ကျားကွက်ကစားပေးခဲ့သည်။ သို့သော်လည်း ကျွင့်ပုကျန်းသည်တော့ သနားစရာကောင်းစွာ ပန်းကန်ဆေး သန့်ရှင်းရေးလုပ်ရမည့်တာဝန်ကို ယူခဲ့ရလေသည်။
နေဝင်ချိန်မှာတော့ အဆုံးတွင် မြေအဖိုးနှစ်ယောက်သား ကျွင့်မိသားစုဆီသို့ ပြန်လည်ရောက်ရှိသွားသည်။
“ဘယ်လိုလဲ? ဘယ်လိုလဲ? လူကြီးမင်းလီကိုမြင်ပြီး အတော်တော်လေးအံ့ဩသွားတယ်မလား?”
ကျွင့်ပုကျန်းတစ်ယောက်မှာ ဘာပြန်ပြောလို့ပြောရမှန်းပင် မသိတော့ပေ။

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစနစ် Book 2Where stories live. Discover now