အပိုင်း ၂၅၂

388 55 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၇။ အပိုင်း ၂၅၂ ငါ,ဟန်ကျန့် ချမ်းသာလာမှာလား?

[ဒင်… တပည့်-ကျွင့်ပုကျန်းကို ရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်။ ဆုလာဘ် : ထိပ်တန်းသိုင်းဘုရင်အဆင့်ခရမ်းအကြေးခွံနဂါးချပ်ဝတ်။ ဆုလာဘ် : ထိပ်တန်းသိုင်းဘုရင်အဆင့် နဂါးနတ်ဘုရားပညာရပ်x 1]“”
ခရမ်းအကြေးခွံနဂါးကို နဂါးအစစ်၏အကြေးခွံများဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ၎င်းသည် ဖျက်ဆီး၍မရနိုင်သည့်အပြင် ကိုယ်ထည်နှင့်ကပ်သွားအောင်ပင် ပြောင်းလဲနိုင်သည်။
နဂါးနတ်ဘုရားပညာရပ်သည်က နဂါးမျိုးနွယ်၏ကျင့်ကြံခြင်းနည်းလမ်းတစ်ခုဖြစ်သည်။ နဂါးမျိုးနွယ်၏သွေးမျိုးရှိသည့်လူသာ ၎င်းကို ထိပ်တန်းအဆင့်သို့ရောက်အောင် ကျင့်ကြံနိုင်ပြီး စစ်မှန်သောနဂါးတိုက်ခိုက်မှုအဖြစ်သို့ ပြောင်းလဲနိုင်မည်ဖြစ်သည်။
“မင်းတို့ကျွင့်မိသားစုမှာ နဂါးမျိုးနွယ်ရဲ့သွေးမျိုးဆက်ရှိတာလား?”
“ဟစ်!”
တစ်ဖက်လူမှာ ခေါင်းစခြေဆုံးအရေပြားတို့ ထုံကျဉ်သွားသလို ခံစားလိုက်ရသည်။
“ဆရာ၊ တကယ်ပဲ အဲအကြောင်းသိနေတာလား?”
တကယ်တော့ ကျွင့်မိသားစုသည် ကိုယ်တိုင်ကိုက နဂါးမျိုးနွယ်၏အစေခံအဖြစ် လူအများအား ကြေညာထားခဲ့သည်။
သို့ပေမဲ့ အမှန်တကယ်တော့ ကျွင့်မိသားစု၏ဆက်ခံသူတွင် နဂါးမျိုးနွယ်၏သွေးမျိုးဆက်ရှိနေသည်ပင်။
ဟိုးအရင်တုန်းကတော့ ကျွင့်မိသားစု၏ဘိုးဘေးသည် နဂါးတစ်ကောင်ဖြစ်သည်ဟု ပြောကြသည်။ သူသည် လူသားလောကရှိအမျိုးသမီးတစ်ဦးနှင့် ချစ်ကျွမ်းဝင်ခဲ့တာကြောင့် နဂါးမျိုးနွယ်မှ နှင်ထုတ်ခံလိုက်ရပြီး သူ၏နဂါးတစ်ကောင်အဖြစ်အထောက်အထားကို ဖော်ထုတ်ခွင့်မပြုခဲ့ပေ။
နောက်များမှာတော့ ကျွင့်မိသားစု၏ဘိုးဘေးသည် လူသားကောင်ငယ်လေးတစ်ယောက်ကိုမွေးဖွားခဲ့သည်။ ကလေးသည် လူသားပုံစံဖြစ်သော်လည်း သူ့ကိုယ်ထဲတွင်တော့ နဂါးမျိုးနွယ်၏သွေးမျိုးဆက်ရှိနေတုန်းပင်။
ဒါကြောင့် ကျွင့်မိသားစုကို နဂါးများဟုလည်း ခေါ်ဆိုနိုင်ပေသည်။
ဤလျှို့ဝှက်ချက်သည် ကျွင့်မိသားစု၏အကြီးမားဆုံးလျှို့ဝှက်ချက်တစ်ခုဖြစ်ခဲ့သည်။ သို့သော်လည်း သူ့ဆရာကတော့ တစ်ချက်လောက်ကြည့်ရုံဖြင့် မြင်နိုင်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ထိုအချိန်မှာပဲ ကျွင့်ပုကျန်းမှာ လုရှောင်ယန်ကို ပိုလို့တောင်မှ ထိတ်လန့်သွားမိတော့သည်။
ဒီဆရာသခင်မှာ နောက်ထပ်လှည့်ကွက်တွေဘယ်လောက်တောင် ရှိနေဦးမှာလဲ?
လုရှောင်ယန်ကတော့ ချောင်းအသာဟန့်လိုက်လေသည်။
ကျွင့်ပုကျန်းနှင့်ဘိုးဘေးဖြစ်သူသည် မျိုးဆက်ပေါင်းများစွာ ကွာခြားသွားပြီဖြစ်သည်။ တကယ်တော့ သူ့ကိုယ်ထဲတွင် နဂါးသွေးများများစားစား မကျန်ရှိတော့တာကြောင့် လျစ်လျူရှုထားလိုက်လို့ပင် ရနိုင်သည်။
ဒါကြောင့် သူမပြောနိုင်ခဲ့ခြင်းဖြစ်သည်။
အခုက ဝမ့်ခိုက် သူ့ကိုပေးလာသည့် ကျင့်ကြံခြင်းနည်းလမ်းကိုကြည့်ပြီး ပြောနိုင်ခဲ့ခြင်းသာဖြစ်သည်။
“ဒါ ဘာမှမဟုတ်ပါဘူး။ ငါက ဒီလောကရဲ့ လျှို့ဝှက်သမိုင်းကြောင်း တော်တော်များများကို နည်းနည်းပါးပါး ကြားထားဖူးရုံပါ။”
တစ်ဖက်လူက ထပ်ပြီးတော့တောင် ထိတ်လန့်သွားလေသည်။
သူ့ဆရာက တကယ်ပဲ လျှို့ဝှက်သမိုင်းကြောင်းတွေအများကြီးကို သိနေတာ ဖြစ်နိုင်မလား?
သူ ဘယ်လောက်ကြာကြာ အသက်ရှင်နေခဲ့တာများလဲ?
သူ့ကို မယှဉ်နိုင်တာ အံ့ဩစရာမဟုတ်တော့ပါဘူး။
ကြည့်ရတာတော့ ကျွင့်မိသားစု၏ သခင်အိုကြီးတောင်မှ သူ့ဆရာကို အနိုင်ယူဖို့ မဖြစ်နိုင်လောက်ပေ။
ထိုအချိန်မှာပဲ လုရှောင်ယန်က သူ့လက်ချောင်းကို တစ်ချက်လှုပ်ကာ ကျွင့်ပုကျန်းထံသို့ ကျင့်ကြံခြင်းနည်းလမ်းကို လွှဲပြောင်းပေးလိုက်သည်။
နဂါးနတ်ဘုရားပညာကို ရရှိလိုက်ပြီးနောက် ကျွင့်ပုကျန်းတစ်ယောက် ပိုလို့တောင်မှ ထိတ်လန့်သွားကာ နေရာမှာတင် မအော်ဟစ်မိအောင် မထိန်းထားနိုင်တော့ပေ။
“နဂါးနတ်ဘုရားပညာ! တကယ်ကို နဂါးနတ်ဘုရားပညာပဲ!”
“နဂါးနတ်ဘုရားပညာကို မင်းသိတာလား?”
လုရှောင်ယန် အံ့ဩသွားသလို ကျွင့်ပုကျန်းကလည်း လေးနက်သည့်အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ပါတယ်။ ကျွန်တော်တို့ကျွင့်မိသားစုက နဂါးမျိုးဆက်ဖြစ်ပေမယ့် ကျွန်တော်တို့ကိုယ်ထဲက သွေးမျိုးဆက်ကတော့ မသန့်စင်တာကြောင့် နဂါးမျိုးနွယ်ရဲ့ပြီးပြည့်စုံတဲ့ကျင့်ကြံခြင်းနည်းလမ်းကို မကျင့်ကြံနိုင်ကြဘူး။ ကျွန်တော်တို့ အခုကျင့်ကြံနေတဲ့ ကျင့်ကြံခြင်းနည်းလမ်းက ကျွန်တော်တို့ဘိုးဘေးက နဂါးမျိုးနွယ်ရဲ့ကျင့်စဉ်ကို ပြန်လည်ပြုပြင်မွမ်းမံပေးထားတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ပြီးပြည့်စုံသည်အထိ ကျင့်ကြံချင်ရင် နဂါးနတ်ဘုရားပညာကို ရရှိဖို့လိုတယ်လို့ ဘိုးဘေးက ပြောခဲ့တယ်!”
“ဒီကျင့်ကြံခြင်းနည်းလမ်းကို နဂါးမျိုးနွယ်ရဲ့ဘိုးဘေးက တီထွင်ခဲ့တာ။ ဒီကျင့်စဉ်က နဂါးတွေကို လူသားသွေးမျိုးဆက်ရဲ့အကန့်အသတ်ကို ချိုးဖောက်ပြီး သွေးမျိုးဆက်၏မသန့်စင်မှုတွေသက်ရောက်မှုမရှိစေဘဲ စစ်မှန်တဲ့နဂါးမျိုးနွယ်ကျွမ်းကျင်သူတစ်ဦးဖြစ်လာစေနိုင်တယ်။”
“အဲ့လိုလား။” လုရှောင်ယန် ခေါင်းညိတ်လိုက်သည်။
“ဒါဆိုရင် ဒီကျင့်စဉ်ကို ကောင်းကောင်းကျင့်ကြံပါ။ ငါတို့ပြန်ရောက်တဲ့အခါ မင်းကိုပိုသန်မာလာစေချင်တယ်။ နှစ်ရက်အတွင်း တိုက်ပွဲကြီးကြီးမားမားဖြစ်လာနိုင်တယ်။”
“ဆရာ၊ ဒါဆို ကျွန်တော့်ရဲ့ကျွင့်မိသားစုက အကြီးအကဲတွေကရော?”
“ပြဿနာမရှိဘူး။ ငါမင်းကို ပြီးရင်ပို့ပေးမယ်။ သူတို့နဲ့ စကားပြောလိုက်။ ငါသူတို့ကို ထိခိုက်အောင် မလုပ်ဘူး။ ဒါပေမဲ့ လာမဲ့နှစ်ရက်တိုက်ပွဲထဲမှာတော့ သူတို့ပါဝင်ရမယ်။”
“ဟန်ကျန့်ကတော့ လတ်တလော သူ့ကိုမေ့ထားလိုက်ဦး။ သူသာ တကယ်ပုန်းနေချင်ရင် ယုန်တစ်ကောင်ကိုရှာရတာထက်တောင် ပိုပြီးခက်ခဲလိမ့်မယ်။”
“အနာဂတ်မှာ ငါကိုယ်တိုင် သူ့ကိုရှင်းထုတ်ဖို့ နည်းလမ်းတွေစဉ်းစားပြီး စီစဉ်ပေးမယ်။”
“ကောင်းပါပြီ!”
တစ်ဖက်က ခေါင်းညိတ်သဘောတူလိုက်သည်။
ဒီတိုက်ပွဲက ဘာအတွက်မှန်း သူ မသိသော်လည်း သူ့ဆရာက ပြောလာမှတော့ နာခံရုံသာ တတ်နိုင်ပေသည်။
…….
အချိန်တို့က စက္ကန့်နဲ့အမျှ ကုန်ဆုံးလို့သွားသည်။ နေဝင်ရီတရော ကျီးကန်းတို့ အသိုက်ဆီသို့ပြန်သွားကြချိန် ကီလိုမီတာပေါင်းတစ်ထောင်အကွာ ညှိုးနွမ်းနေသည့် စပျစ်နွယ်ပင်အိုကြီးတစ်ပင်အောက်၌….
ပိန်ပါးလှသည့်ဟန်ကျန့်တစ်ယောက် အရှေ့စူးစူးသို့ စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်နေခဲ့သည်။
တစ်ခုခုတော့ မှားနေတဲ့ပုံပဲ။
ကျွင့်မိသားစုကလူတွေ ဘာလို့ သူ့နောက်လိုက်မဖမ်းကြတော့တာလဲ? သူတို့စိတ်ပြောင်းသွားကြလို့များလား?
သူတို့ဘက်ကကျွမ်းကျင်သူပေါင်းများစွာကို သူသတ်ခဲ့မှန်းသိနေတာတောင်မှ သည်းခံနိုင်ကြသေးတာလား?
ဒါဆို သူတည်ဆောက်ခဲ့တဲ့သိုင်းဘုရင်အဆင့်အစီအရင်အနည်းငယ်တို့က အလကားဖြစ်ကုန်တော့မှာပေါ့?
သူ့ပုခုံးတွေကိုပွတ်သပ်လိုက်ရင်း ဟန်ကျန့်၏အမူအရာမှာ အလွန်စိတ်ပျက်နေဟန်ပေါ်လေသည်။
သူက ဤအခွင့်အရေးကိုအသုံးချ၍ ကျွင့်မိသားစုမှ ဆရာကြီးတွေအများကြီးကို သတ်ပစ်ကာ အရင်းအမြစ်များကိုလုယူချင်နေခြင်းပင်။ ကျွင့်မိသားစု၏မြင့်မြတ်သောသားတော်က သူ့နောက်ဆက်မလိုက်တော့ဘဲ နေလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့မိပေ။
လမ်းတစ်လျှောက် သိုင်းဘုရင်အဆင့်အစီအရင်အနည်းငယ်ကို ချထားပြီးဖြစ်သည်။
ဒါပေမဲ့ ထားလိုက်ပါလေ။ ဘာပဲဖြစ်ဖြစ် ကျွင့်မိသားစုက အရမ်းအင်အားကြီးပြီး အချိန်တိုလေးအတွင်း သူရှင်းထုတ်ပစ်နိုင်မယ့်အရာမှမဟုတ်ဘဲ။
လောလောဆယ် သူ့ဘက်က အသာရနေတုန်း ရပ်တန့်လိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ နောင်တချိန် သူပိုသန်မာလာကာမှ ထိုရှေးဟောင်းမိသားစုကြီးများကို ရှင်းပစ်နိုင်သည်ပဲ။
အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် ဟန်ကျန့်သည့် ဘေးပတ်ဝန်းကျင်ကို ခြုံငုံကြည့်လိုက်ကာ သူ့စိတ်ထဲတွင် တွက်ချက်လို့နေသည်။
ဒါကလည်း သူ၏အလေ့အကျင့်တစ်ခုပင်ဖြစ်သည်။ ပတ်ဝန်းကျင်မှာ တစ်ယောက်မှမရှိနေရင်တောင်မှ သူက အတတ်နိုင်ဆုံး စကားမပြောမိအောင် နေလေသည်။
သူ့ဘေးနားက ပိုးမွှားငယ်လေးတွေ ပန်းပွင့်တွေက ကျင့်ကြံနိုင်သည့် အဆင့်မြင့်မိစ္ဆာသားရဲတွေ ဖြစ်နေမလားဆိုတာ ဘယ်သူသိနိုင်မှာလဲ?
သူ့အကြောင်း အချက်အလက်တွေကို ဖော်ထုတ်မိသားရင်ဘယ်လိုလုပ်မလဲ?
ဒါကြောင့် သူ့စိတ်ထဲတွင်သာ တိတ်တိတ်ဆိတ်ဆိတ် စဉ်းစားသည်က အကောင်းဆုံးဖြစ်သည်။
ဤနေရာသည် မဟာကျိုးအင်ပါယာပင်။ ထာဝရသစ်တောနှင့်နှိုင်းယှဉ်ပါက ဤနေရာလည်း လုံးဝ ဝေးလံခေါင်သီသည့်နေရာငယ်လေးတစ်ခုသာ ဖြစ်လေသည်။
သို့သော်၊ ရှေးခေတ်အချိန်များတွင် တိုက်ကြီးတစ်ခုလုံးသည် ထိပ်တန်းအဆင့်ကျွမ်းကျင်သူများဖြင့်သာ ပြည့်နှက်နေခဲ့သည်။ ဘုရင်အဆင့်၊ ဧကရာဇ်အဆင့်၊ အကြီးမြတ်ဆုံးအဆင့်၊ သူတော်စင်အဆင့်နှင့် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများပင်လျှင် မရှားပါးခဲ့ပေ။
ဤနေရာတွင် ရှေးဆရာကြီးများ၏ ဂူသင်္ချိုင်းများစွာရှိမည်မှာ အသေအချာပင်။
ဒီလိုဖြစ်သွားမှတော့ ဂူသင်္ချိုင်းတွေကို လုယက်ဖို့ သူလှည့်လည်သွားလာနိုင်ပေသည်။ ထိုမှတဆင့် ဝိညာဉ်ကျောက်တုံးအချို့ကိုတောင် စုဆောင်းယူနိုင်လျှင် အလွန်ကောင်းသော ရွေးချယ်မှုတစ်ရပ်ပင်။
ဝိညာဉ်ကျောက်တုံးများသည် ဟန်ကျန့်၏ကျင့်ကြံခြင်းအတွက် အဓိကကျသည့်အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။
မတတ်နိုင်ပေ။ သူ၏ပင်ကိုအရည်အချင်းသည် တခြားသူများလိုမကောင်းတာကြောင့် ကျင့်ကြံဆင့်က မမြင့်မားသလို နောက်ခံသည်လည်း တခြားသူများလို အင်အားကြီးမနေပေ။ သူသာ အထူးနည်းလမ်းများအပေါ် မမှီခိုနေခဲ့ပါလျှင် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်အောင် ကျင့်ကြံနိုင်ဖို့ရန်မှာ အိပ်မက်တစ်ခုသာ ဖြစ်နေပေလိမ့်မည်။
ထို့အပြင် နိမ့်ကျသည့်အခြေအနေမှ ယနေ့လို သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ဦးဖြစ်လာဖို့ရန်အတွက် နှစ်ပေါင်း၂၀၀၀ခန့် ကုန်ဆုံးခဲ့ရပေသည်။
ဘာကြောင့်ပဲဖြစ်ဖြစ် သူ့ဘိုးဘေးများ၏ဂူသင်္ချိုင်းကိုတော့ လုယက်မည်မဟုတ်ပေ။
ထိုသို့တွေးပြီးနောက် ဟန်ကျန့်တစ်ယောက် သူ၏သိုလှောင်လက်စွပ်အတွင်းမှ သံလိုက်အိမ်မြှောင်တစ်ခုကို ထုတ်ယူလိုက်သည်။
ဤရှစ်ထောင့်သံလိုက်အိမ်မြှောင်သည် တကယ်တော့ အဆင့်နိမ့်သိုင်းဘုရင်အဆင့် လက်နက်တစ်ခုပင်ဖြစ်လေသည်။
၎င်းသည် ဂူသင်္ချိုင်းတချို့၏တည်နေရာကို မှန်းဆရန် ဟန်ကျန့်အတွက် အရေးအကြီးဆုံးအရာလည်း ဖြစ်သည်။
ရှစ်ထောင်သံလိုက်အိမ်မြှောင်ကြောင့်သာမဟုတ်လျှင် အရင်းအမြစ်မလုံလောက်မှုကြောင့် ဟိုးအရင်ကတည်းက အသက်အရွယ်ကြီးရင့်ကာ သေဆုံးသွားပြီးဖြစ်ပေမည်။ လက်ရှိလိုမျိုး သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ဦး၏ခွန်အားမျိုးရအောင် သူ ဘယ်လိုလုပ် ကျင့်ကြံနိုင်မှာတဲ့လဲ?
ဝိညာဉ်စွမ်းအားကိုထည့်သွင်းကာ သံလိုက်အိမ်မြှောင်ကို အသက်သွင်းလိုက်ပြီးနောက် ရှစ်ထောင့်သံလိုက်အိမ်မြှောင်၏အပ်ချောင်းလေးသည် အလျင်အမြန် စတင်လည်ပတ်လာတော့သည်။
ထို့နောက်မှာတော့ မြန်မြန်ဆန်ဆန်ပဲ တိကျသည့်လားရာတစ်ခုသို့ညွှန်ပြကာ ရပ်တန့်သွားလေသည်။
ထိုအချင်းအရာကိုမြင်လိုက်သည်နှင့် ဟန်ကျန့်၏နှုတ်ခမ်းစွန့်က ခပ်ပါးပါးကော့တက်သွားလေသည်။ အတွေးတချက်ဖြင့်ပင် ချက်ချင်းဆိုသလို အနီးအနားရှိတစ်နေရာသို့ ရောက်ရှိသွားခဲ့သည်။
ထိုနေရာသည် သာမာန်ပုံစံသာဖြစ်သော်လည်း ဟန်ကျန့်၏ ဖုန်းရွှေကြည့်ရာတွင် အထူးကောင်းမွန်လှသည့်မျက်လုံးများထဲတွင်တော့ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤနေရာ၏ဖုန်းရွှေသည် အလွန်အမင်းကောင်းနေကာ ဤနေရာတွင် အစိမ်းရောင်နဂါးနှင့်ကျားဖြူ ပုန်းအောင်းနေသည်မှန်း ပြောနိုင်လေသည်။
ပြောနေရန်ပင်မလိုဘဲ သေချာပေါက် အောက်ဘက်တွင် ရတနာတစ်ခုခုရှိနေပေလိမ့်မည်။
သံလိုက်အိမ်မြှောင်ကို သိမ်းလိုက်ပြီး ဟန်ကျန့်က လက်စည်းတံဆိပ်တစ်ခုကို ပုံဖော်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ပတ်ဝန်းကျင်ကို ပျက်စီးထိခိုက်မှုမရှိစေဘဲ မြေအောက်ထဲသို့ တိုက်ရိုက်ဝင်သွားခဲ့သည်။
မကြာလိုက်ပါဘဲ ပထမဆုံးအစီအရင်တစ်ခုနှင့် ရင်ဆိုင်ရလေသည်။
ဘုန်း!
ရုတ်တရက် အစီအရင်က အသက်ဝင်လာခဲ့သည်။ ပြင်းထန်လှသည့်အားတစ်ရပ်က ဟန်ကျန့်၏တစ်ကိုယ်လုံးကို တုန်ရီသွားစေကာ သူ့ကိုယ်တွင်းသွေးများကို ဆန်တက်လာစေသည်။
သူရှောင်လိုက်တော့မည့်အချိန်တွင်ပဲ သူ့အနောက်ဘက်ရှိ အစီအရင်တစ်ခုက ရုတ်တရက် တောက်ပလာကာ သူ့ကို အထဲတွင် ချိတ်ပိတ်သွားလေသည်။
ဟန်ကျန့်၏နှလုံးသားမှာ ချက်ချင်းပင် တင်းကျပ်လို့သွားတော့သည်။
“သေစမ်း၊ ဒါက တကယ်တော့ ဆက်သွယ်ချက်ရှိတဲ့အစီအရင်ပဲ။ ပြီးတော့ ငါတောင် လှည့်စားခံလိုက်ရသေးတယ်။ ဒီအစီအရင်ကို တည်ဆောက်ခဲ့တဲ့ပုဂ္ဂိုလ်က ရှေးအချိန်တုန်းက အရမ်းအရမ်းကို အစွမ်းထက်တဲ့ကျွမ်းကျင်သူပဲဖြစ်မယ်!”
သို့သော်လည်း ဤလောက်ဖြင့် ဟန်ကျန့်ကို မကြောက်လန့်သွားစေဘဲ ထိုအစား ပိုလို့တောင်မှ စိတ်လှုပ်ရှားသွားစေခဲ့သည်။
သူ၏ ဂူဖောက်ခြင်းအတွေ့အကြုံများအရ ဤကဲ့သို့သောဂူသင်္ချိုင်းမျိုးတွင် သေချာပေါက် ပစ္စည်းကောင်းတစ်ခုခုကို ဖွက်ထားမည်မှန်း သိနေလေသည်။
ဒီထဲမှာ အနည်းဆုံး အဆင့်မြင့်ဝိညာဉ်ကျောက်တုံးပေါင်း သိန်းချီတော့ရှိလောက်ပေသည်။
“ဒီသေးငယ်တဲ့မဟာကျိုးအင်ပါယာလိုနေရာမှာ ဒီလောက်အစွမ်းထက်တဲ့ ဂူသင်္ချိုင်းမျိုးရှိလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ သေချာပေါက် အထဲမှာ ပစ္စည်းကောင်းတစ်ခုခု ရှိရမယ်။ ပြီးတော့ ဒါက ဂူသင်္ချိုင်းတစ်ခုတည်းပဲရှိသေးတယ်။ မဟာကျိုးအင်ပါယာတစ်ခုလုံးမှာ ဂူသင်္ချိုင်းတွေ ဘယ်လောက်တောင်မှ ရှိလောက်မလဲ? ကြည့်ရတာ ကောင်းကင်ဘုံက ငါ့ကိုထပ်ပြီး ချပ်သာလာစေဖို့ ရယ်ရွယ်နေတဲ့ပုံပဲ။”
…….
***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစနစ် Book 2Where stories live. Discover now