546 - 550

143 12 0
                                    

စစ်ဧကရာဇ်(Chapter:546)
(ကြေးဝါအင်းဆက်ဘုရင်)

     အချိန်တိုအတွင်းမှာပင် အင်အားအသင့်အသင့်ရှိတဲ့ ဂိုဏ်းအတော်များများက ထျန်းလွင်ဟွေ့နဲ့အတူ ရပ်တည်ကြောင်း ကြေညာခဲ့ကြသည်။ သူတို့အတွက် လီကွမ်ရီလက်ထဲမှ ရတနာကို ရရှိတာထက် ရှေ့ဟောင်းနိုင်ငံနဲ့ ဆက်ဆံရေးကောင်းဖို့က ပို၍ အရေးကြီးပေသည်။ ဒါ့အပြင် ဒီနေရာ၌ အခြားအင်အားကြီးနိုင်ငံတွေပါ ရောက်ရှိနေကြသည်။ လီကွမ်ရီကို တိုက်ခိုက်ပြီး ရတနာတွေ လုယူနိုင်ရင်တောင်မှ ထိုအင်အားကြီးနိုင်ငံတွေကသာ ခွဲဝေရယူသွားကြမည် ဖြစ်သည်။

     ဒါကြောင့် မဖြစ်နိုင်တာကို မျှော်လင့်နေမည့်အစား ထျန်းလွင်ဟွေ့ရဲ့အခွင့်အရေးပေးမှုကို ရယူလိုက်ခြင်းက သူတို့အတွက် မဟာအခွင့်အရေးကြီးဟုပင် ဆိုနိုင်ပေသေးသည်။ ယခုအချိန်မှာသာ ထျန်းလွင်ဟွေ့နဲ့အတူ မရပ်တည်ခဲ့ပါက နောင်တစ်ချိန် ရှေ့ဟောင်းနိုင်ငံ ကြီးစိုးလာပါက သူတို့အတွက် ရပ်တည်ဖို့ ခဲယဉ်းသွားနိုင်ပေသည်။ ဒါကြောင့် အခွင့်အရေးရတုန်း ရှေ့ဟောင်းနိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ထားနိုင်ဖို့ လိုအပ်ပေသည်။

     ထျန်းလွင်ဟွေ့က သူ့ကို ထောက်ခံသူတွေကို တစ်ချက်ကြည့်ရင်း လီကွမ်ရီကို ပြုံး၍ မေးသည်။
"မိတ်ဆွေလီ၊ မင်း ကျေနပ်တယ်မလား"

     တကယ်တော့ ရှေ့ဟောင်းနိုင်ငံရဲ့ဆက်ခံသူတစ်ယောက်အနေနဲ့ ထျန်းလွင်ဟွေ့အတွက် ရတနာတွေ မရှားပေ။ သူ့အတွက် လီကွမ်ရီရဲ့ရတနာက သိပ်ပြီး အရေးမပါပေမယ့် သာမန်ဂိုဏ်းတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိဖို့ကတော့ လွန်စွာ အရေးကြီးပေသည်။ ဂိုဏ်းအတော်များများကို စည်းရုံးထားနိုင်မှသာ နောင်တစ်ချိန် တစ္ဆေမျိုးနွယ်တစ်ခုလုံးကို အုပ်စိုးနိုင်ဖို့အတွက် အထောက်အကူ ဖြစ်ပေလိမ့်မည်။

     "အရမ်းကောင်းတယ်"
လီကွမ်ရီက ထျန်းလွင်ဟွေ့ကို ပြုံး၍ ပြန်ပြောသည်။

     နောက်ဆုံးမှာတော့ ထျန်းလွင်ဟွေ့က ဘာမှ မပြောတော့ဘဲ တိတ်တဆိတ် ထွက်ခွာသွားတော့သည်။ သို့သော် သူက အပြီးတိုင်ထွက်ခွာသွားခြင်း မဟုတ်ဘဲ ရေကန်နဲ့ မလှမ်းမကမ်းမှာ ရပ်တန့်လိုက်သည်။ သူ့အနေနဲ့ ဖြစ်ပျက်သမျှကို စောင့်ကြည့်ဖို့ စိတ်ဝင်စားသည့်အပြင် လီကွမ်ရီရဲ့မဟာတာအိုကိုလည်း နောက်တစ်ကြိမ် လေ့လာချင်မိသေးသည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now