616 - 620

162 14 0
                                    

စစ်ဧကရာဇ်(Chapter:616)
(ပိုင်ဝမ်ရဲ့ဆွဲဆောင်စည်းရုံးခြင်း)

     ရှီဟောင်မှာ သူမြင်တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။ အဘိုးပိုင် ဆိုတာက ကုန်သွယ်ရေးမြို့တော်ရဲ့အယ်လ်ခမီအကြီးအကဲတစ်ယောက် ဖြစ်သည်။ မြို့တော်ဝန်လိုလူပင် သူ့ကို တလေးတစား ဆက်ဆံရပေသည်။ ကုန်သွယ်ရေးမြို့တော်ရဲ့နယ်မြေဒေသတစ်ဝိုက်မှာ အဘိုးပိုင်ထက် အရှိန်အဝါကြီးသူဆို၍ ထင်းရှူးနတ်ဆိုးဘုရင်တစ်ယောက်သာ ရှ်ိပေသည်။

     ထိုစဉ် ပိုင်ဝမ်က လီကွမ်ရီကို ကြည့်ပြီး ပြန်မေးသည်။
"သခင်လေးက ဘယ်သူလဲ၊ ဘယ်ဂိုဏ်းကလဲဆိုတာ သိလို့ရမလား"

     "ကျွန်တော်က လီကွမ်ရီပါ၊  ခရီးလှည့်လည်သွားလာနေတဲ့ သာမန်လူတစ်ယောက်ပါပဲ"
လီကွမ်ရီက ပြုံး၍ ဆက်ပြောသည်။
"အဘိုးပိုင်မှာ ပြောစရာတစ်ခုခု ရှိရင်ပြောပါ"

     "ဘာမှမဟုတ်ပါဘူး၊ အထွေအထူး ဘာမှမရှိဘူး"
အဘိုးပိုင်က သူ့ရဲ့လက်ကို ခါလိုက်ရင်း ဆက်ပြောသည်။
"သခင်လေးလီက အရမ်းယဉ်ကျေးလွန်းနေပါပြီ၊ ငါ့ကို အဘိုးပိုင်လို့ ခေါ်စရာမလိုပါဘူး၊ ပိုင်ဝမ်လို့ပဲ ခေါ်ပါ"

     ရှီဟောင်မှာမူ ဘေးနားမှာနေရင်း ရူးသွပ်ချင်သလို ဖြစ်သွားရသည်။ တစ်ချိန်ထဲမှာ အဘိုးပိုင်ရဲ့စကားတွေကို သူနားကြားမှားသွားတာလားဟုပင် သံသယဖြစ်နေရတော့သည်။

     "ခင်ဗျားရဲ့လာရင်းကိစ္စကိုသာ ပြောပါ"
လီကွမ်ရီက စိတ်မရှည်နိုင်တော့ပေ။ သူက အချိန်တွေကို မလိုအပ်ပဲနဲ့ အလဟတ်သ မဖြုန်းတီးလိုပေ။

     ပိုင်ဝမ်မှာ ထိုအခါမှ သူ့ကိုယ်သူ ထိန်းချုပ်လိုက်သည်။ သူက လီကွမ်ရီကို ကြည့်ပြီး လေးလေးစားစား ပြောသည်။
"ဒီလိုပါ၊ သခင်လေးလီကို ကျေးဇူးတင်စကား လာပြောတာပါ၊ သခင်လေးလီရဲ့လမ်းညွှန်ချက်ကြောင့် ဝိညဉ်မြက်က ပြန်ပြီး ရှင်သန်လာခဲ့တယ်၊ သခင်လေးလီရဲ့လမ်းညွှန်ချက် ရပြီးပြီးချင်း မူလနေရာက မြေဆီအချို့ကို တူးယူလာခဲ့တယ်၊ ပြီးတော့ ဝိညဉ်မြက်ရဲ့ပင်စည်အောက်ခြေမှာ မြေဆီတွေကို ပုံပေးလိုက်တယ်လေ၊ ဝိညဉ်မြက်က ပြန်ပြီး ရှင်သန်လာရုံမကဘူး၊ ၇ကြိမ်မြောက် အသွင်းပြောင်းမှုကိုပါ အောင်မြင်ခဲ့တယ်၊ သခင်လေးလီရဲ့သိမြင်နားလည်မှုတွေက ဒီလူအိုကြီးကို အရှက်ရစေပါတယ်"

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now