Chapter-7

687 73 2
                                    



ကွမ်းရှီး ဒီနေ့ ကုမ္ပဏီမသွားသလို အိမ်လည်း မပြန်ပေ။

နောက်တော့ ဘယ်သွားရမလဲလည်း မသိတော့တာကြောင့် ကျန်းဆွေကျိုးအိမ်၌သာ နေပြီး ရေးလက်စ ပြင်သစ် travel vlog ကို ရေးရန် လက်ထောက်ယန်ချင်းကို လက်တော့ပ်လာပို့ ခိုင်းလိုက်တော့သည်။ သူမ ရေးတဲ့ ဘလော့တွေက ခရီးသွားလမ်းညွှန်ပုံစံမျိုးနဲ့ တူနေပေမဲ့ သူမလက်ရာက ခံစားချက်ပိုပါပြီး အဲ့ဒီဒေသက လူတွေရဲ့ ထုံးတမ်းဓလေ့တွေအကြောင်းကိုပါ ထည့်ရေးပေးလေ့ရှိသည်။

ကွမ်းမိသားစုပိုင်လုပ်ငန်းအားလုံးမှာ နယ်ပယ် အသီးသီးတွင် အောင်အောင်မြင်မြင်ရှိပြီး  ကုမ္ပဏီအခွဲ အများအပြားလည်း ရှိသည်။

အဘိုးကွမ်းဟုန် အငြိမ်းစားယူသွားပြီးနောက် ကွမ်းလုပ်ငန်းစုမှာ သူ့နောက်မျိုးဆက်များ လက်ထဲတွင် ဆက်လက်လည်ပတ်လျက်  ရှိသည်။

ကွမ်းဟုန်တွင် သားသုံးယောက်ရှိပြီး အကြီးဆုံးသားတွင် သားနှစ်ယောက်၊ အငယ်ဆုံးသားတွင် သားတစ်ယောက်၊သမီးတစ်ယောက် စီ ရှိကြသည်။ ကွမ်းရှင်းဟောင်မှာ သား အလတ်ဖြစ်ပြီး ကွမ်းရှီးဆိုသော သမီးတစ် ယောက်သာရှိ... မဟုတ်သေးဘူး၊ အခုတော့ သမီးနှစ်ယောက် ရှိသွားပြီဖြစ်သည်။

ကွမ်းရှင်းဟောင်မှာ ခရီးသွားလုပ်ငန်းဘက် တွင် ထူးချွန်ပြီး ကွမ်းရှီးကိုပင် လုပ်ငန်းနှင့် ပတ်သက်သည့်အရာ အတော်များများကို သင်ပေးခဲ့သည်။ သေချာတာပေါ့၊ ကွမ်းရှီးဟာ သင်တော့ သင်ထားပေမဲ့ အလုပ်ကို သေသေချာချာလုပ်သည့် အကြိမ်ရေမှာ မရှိသလောက် ရှားသည်။ အဖေရဲ့ အလိုလိုက်တာကို ခံရတာ အကျင့်ပါနေတာကြောင့် အပျင်းကြီးပြီး  အလုပ်ကို စိတ်ထဲမထည့်ဘဲ နေလေ့ရှိသည်။

သို့သော် ပျင်းတာက ပျင်းတာ တစ်ပိုင်းဖြစ်ပြီး သူမ ဉာဏ်ကောင်းထက်မြက်တာကိုတော့ ငြင်းလို့မရသည့်အချက်ပင်။

ဥပမာ သူမက ခရီးသွားတာနဲ့ ပတ်သက်သည့် အရာတွေမှာ ပါရမီပါသည်ဟု ဆိုနိုင်သည်။ သူမက နေရာတကာ လျှောက်သွားရတာကို နှစ်သက်ပြီး အဲ့ဒီလို လည်ရင်း လည်ရင်းနှင့် ပင် နာမည်ကြီး ဘလော့ဂါတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်သွားလေသည်။

Come To My Side (Myanmar Translation)Where stories live. Discover now