Extra - 5 👋🏻

683 109 18
                                    

လက်ထပ်ပြီးနောက် နေ့စဉ်ဘဝ - ၃

ကျန်းစစ်လေး စကားပြောသင်ခါစတုန်းက အရမ်းကို လူကပ်ပြီး အရမ်းလည်း ဆော့တဲ့ ကလေးလေးဖြစ်သည်။ ဒါပေမဲ့ ဘာလို့မှန်းမသိ၊ တဖြည်းဖြည်းကြီးကြီးလာတာနဲ့ အမူအကျင့်လေးတွေက ပြောင်းပြောင်းလာတော့သည်။ အစတုန်းက အမေနဲ့တူတဲ့ကလေးက သူ့အဖေပုံစံ ဖြစ်လာတော့လေ၏။

ကျောင်းလည်းစတက်ရော သူက အရမ်းကိုတည်တည်တံ့တံ့နေတတ်တဲ့ ကောင်စုတ်လေးဖြစ်နေလေပြီ။

ကွမ်းရှီးဟာ အရင်တုန်းက ကလေးရှိလာရင် အရမ်းအလုပ်ရှုပ်မှာပဲလို့ ထင်ထားခဲ့တာဖြစ်သည်။ ဥပမာအားဖြင့် သူမလို ကလေးမျိုးဆိုရင်ပေါ့။ သူမ ငယ်ငယ်တုန်းကဆို ကျောင်းမှာ ပြဿနာတွေရှာ၊ ပြီးရင် သူမအဖေက နောက်ကနေ လိုက်ရှင်းပေးရစမြဲဖြစ်သည်။

ဒါပေမဲ့ ဘယ်သူက ထင်မိမှာလဲ၊ သူမတို့ကောင်စုတ်လေးကတော့ မူလတန်းကျောင်းတက်ကတည်းက တည်တည်ငြိမ်ငြိမ်ရှိလိုက်တာများ တစ်ချက်မှ စိတ်ပူစရာကို မလိုခဲ့ပေ။ နောက်ပြီး ကျောင်းသားမိဘအစည်းအဝေးပွဲလုပ်လို့ သူမ သွားလိုက်တာနဲ့ လူတွေအများကြီးရှေ့မှာ ဆရာက ချီးကျူးတာခံရမြဲဖြစ်၏။

ဒီတစ်ခေါက် တတိယတန်း ဖိုင်နယ်စာမေးပွဲအတွက်လုပ်တဲ့ ကျောင်းသားမိဘအစည်းအဝေးပွဲမှာလည်း အလားတူပင်။ ကျန်းဆွေကျိုးက ကုမ္ပဏီကိစ္စရှိတာကြောင့် မသွားနိုင်တဲ့အတွက် ကွမ်းရှီး သွားရတာဖြစ်ကာ ဒီတစ်ခေါက်လည်း တခြားကျောင်းသားမိဘတွေ ဝိုင်းအားကျခံလိုက်ပြန်လေ၏။

တကယ်တော့ အိမ်မှာဆို ကျန်းစစ်ရဲ့ပညာရေးနဲ့ ပတ်သက်ပြီး ကွမ်းရှီးက ဘာမှဝင်ပါတာမဟုတ်ပေ။ သူမရဲ့ တာဝန်က လူကောင်းလေးလုပ်ပြီး သူ့ကို ကစားဖို့ ခေါ်သွားပေးရုံသာဖြစ်သည်။ စည်းကမ်းတင်းကြပ်ပေးဖို့လို ကိစ္စတွေကို အများအားဖြင့် ကျန်းဆွေကျိုးသာ လုပ်လေ့ရှိတာဖြစ်၏။ ဒါ့ကြောင့် ဒီလိုတခြားမိဘတွေဆီက ချီးကျူးခံရပြီး ကလေးကို ဘယ်လိုထိန်းလဲဆိုတဲ့ နည်းလမ်းတွေ အမေးခံရတဲ့အခါ သူမ နည်းနည်းတော့ လိပ်ပြာမသန့်ဖြစ်ရပါသေးသည်။

ဒါပေမဲ့ လိပ်ပြာမသန့်တာက မသန့်တာသက်သက်ဖြစ်ပြီး ပွဲပြီးသွားတိုင်း သူမက အူမြူးနေစမြဲဖြစ်သည်!!

Come To My Side (Myanmar Translation)Where stories live. Discover now