Chapter-55

560 72 7
                                    

ရှိုးထဲမှာ ကွမ်းရှီးပါတဲ့အခန်းက သိပ်မများပေမဲ့ သူမက လှလည်းလှတဲ့အပြင် ထက်လည်းထက်မြက်တာကြောင့် တော်တော်များများက သူမ Weibo ကို လာကြည့်ကြတော့သည်။ နောက်တော့ ကြည့်ရင်းကြည့်ရင်းနဲ့ စိတ်ဝင်စားမှု မြင့်တက်လာကြတဲ့အခါ သူမရဲ့ ပရိတ်သတ်အရေအတွက်ကလည်း သိသိသာသာမြင့်တက်လာတော့လေ၏။

ဒါပေမဲ့ ဒီတစ်ခေါက်က ဖန်တွေတိုးလာအောင် ဆွဲဆောင်နိုင်လိုက်ရုံတင် မကဘဲ ယင့်ရှန့်စတူဒီယိုဘက်မှာလည်း ဒီနာမည်ကြီးသွားတာနဲ့အတူ နောက်ထပ်ရသစုံရှိုးတွေနဲ့ ကြော်ငြာတွေအတွက် ဖိတ်ကြားမှုတွေ ရောက်လာတော့သည်။ အစတုန်းက ဝမ်းချင်းတို့တွေအကုန်လုံးက ကွမ်းရှီးတော့ နာမည်ကြီးတော့မယ်ဆိုပြီး အရမ်းပျော်သွားကြပေမဲ့ အဆုံးသတ်မှာတော့ ကွမ်းရှီးက အဲ့ဒီအလုပ်ကမ်းလှမ်းမှုတွေအကုန်လုံးကို ငြင်းပစ်ခဲ့သည်။

"...... နင် တကယ် သွားကိုမသွားချင်တာလား။ အဲ့ဒီဂိမ်းကစားရတဲ့ရှိုးက ကောင်းပါတယ်။ အရမ်းလည်းနာမည်ကြီးတာ။" ကွမ်းရှီးက အနုပညာလောကကို စိတ်ဝင်စားမှုမရှိလိမ့်မယ်လို့ ဝမ်းချင်း ထင်မထားခဲ့မိပေ။ သူမနဲ့ အရင်ကတွဲလုပ်ဖူးတဲ့ ဆယ်လီတွေ၊ မော်ဒယ်တွေအကုန်လုံးက အနုပညာလောကထဲကို ခြေချချင်ကြတဲ့သူတွေချည်းသာ။

ဥပမာအားဖြင့် ကျောက်ရှောင်းရိုကိုသာကြည့်။ ကျောက်ရှောင်းရို《Our Homestay》မှာ အရမ်းပါချင်နေတယ်ဆိုတာက အနုပညာလောကနဲ့ ထိတွေ့ချင်လို့သာ။

ကွမ်းရှီးက သူ့ကို ကြည့်ကာ "စစချင်း နင်တို့နဲ့ ပူးပေါင်းဖို့ လာဆွေးနွေးကတည်းက ပြောခဲ့ဖူးတယ်ထင်ပါတယ်၊ ငါမျှော်လင့်တာက နင်တို့ ဒီခရီးသွားအပိုင်းမှာ ပိုပြီးနာမည်ရှိလာဖို့အတွက် ကူညီပေးဖို့အတွက်။ ငါက ခရီးသွားဘလော့ဂါလေ၊ အဲ့ဒီတော့ ဒီနယ်ပယ်နဲ့ ပတ်သက်တဲ့အလုပ်တွေကိုပဲ လုပ်ချင်တာ။ နင်တို့က အနုပညာရှင်တစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ပေးချင်တာဆိုရင်တော့ လူမှားနေပြီ။"

အရင် 《Our Homestay》က သူမအလုပ်နဲ့ပတ်သက်ပြီး ပရော်ဖက်ရှင်ဆန်တယ်ဆိုတဲ့အချက်ကိုပဲကြည့်ပြီး လာခေါ်ခဲ့တာ၊ ဒါပေမဲ့ အခုကကျတော့ သူမရဲ့ တစ်ခဏတာ နာမည်ကြီးသွားတာကို ကြည့်ပြီး လာခေါ်နေကြတာဖြစ်ကာ သူမနဲ့ သင့်တော်လား၊ မသင့်တော်ဘူးလားဆိုတာကို နည်းနည်းလေးမှ ဂရုစိုက်တာမဟုတ်ပေ။

Come To My Side (Myanmar Translation)Where stories live. Discover now