Chapter-56

562 72 2
                                    

နောက်ဆုံးတော့လည်း ကျန်းဆွေကျိုး သူမဘေးမှာ ဝင်လှဲပေးခဲ့တာပင်။

ဒီလိုအချိန်မျိုးမှာဆို ကွမ်းရှီးက အအေးပိုကြောက်တတ်တာကြောင့် သူ့ရင်ခွင်ထဲကိုပဲ အတင်းတိုးဝင်နေခဲ့သည်။

သူကတော့ ခေါင်းအုံးကို မှီထိုင်ကာ လက်တစ်ဖက်က သူမကို ဖက်ထားပေးပြီး နောက်တစ်ဖက်ကတော့ ဖုန်းကိုင်ကာ လက်အောက်ကဝန်ထမ်းတွေနဲ့ ဆက်သွယ်နေရသည်။ ခုနက ကွမ်းရှီးဆီက မက်ဆေ့ရောက်လာတာကြောင့် ကုမ္ပဏီကနေ ခဏပြန်လာတာဖြစ်ကာ အလုပ်က အဲ့ဒီနေရာမှာတင် တန်းလန်းကျန်နေခဲ့တာဖြစ်၏။

တစ်ရေးနိုးလာတဲ့အခါ ကွမ်းရှီး နည်းနည်းနေသာထိုင်သာ ရှိသွားပြီဖြစ်သည်။ အနည်းငယ်လှုပ်လိုက်တဲ့အခါမှပဲ သူမက ကျန်းဆွေကျိုးကို အတင်းဖက်တွယ်ထားတာကို သတိထားမိသွားတော့သည်။ လက်က သူ့ခါးကို ဖက်ထားသလို ခြေထောက်ကလည်း သူ့ခြေထောက်ပေါ် ခွတင်ထားမိလေ၏။

နောက်ပြီး သူမ အတင်းဖက်တွယ်ထားတာကို ခံရတဲ့သူက အခုအချိန်မှာ မအိပ်မဖြစ်တာကြောင့် အိပ်လိုက်ရလေပြီ။

ကွမ်းရှီးက သေသေချာချာ ဂရုတစိုက်နဲ့ အသံမထွက်ဘဲ ခြေထောက်တွေ လက်တွေကို ဖယ်လိုက်ပြီး ဘေးမှာတင် လှဲကာ သူ့ကို ကြည့်နေလိုက်သည်။ နိုးခါစဖြစ်တာကြောင့် အိပ်ချင်မူးတူး ဖြစ်နေတုန်းမလို့ ထင်ပါရဲ့၊ သူ့မျက်နှာကိုကြည့်ရင်း ကျန်းဆွေကျိုးနဲ့ ပတ်သက်တဲ့ အရင်ကကိစ္စတွေ အများကြီးကို ပြန်တွေးမိနေခဲ့သည်။

ငယ်ငယ်က တစ်ယောက်နဲ့တစ်ယောက် အမြင်ကတ်ခဲ့တာတွေ၊ နိုင်ငံခြားမှာတုန်းက အဆက်အဆံ တစ်စက်မှ မလုပ်ခဲ့တာတွေ၊ ဒါပေမဲ့ ဒီကိုပြန်ရောက်တဲ့အခါမှာတော့ အိပ်ရာပေါ် တန်းရောက်သွားခဲ့တာတွေ......

အခုလို သေချာပြန်စဉ်းစားကြည့်လိုက်တော့လည်း သူတို့ တစ်ယောက်ကိုတစ်ယောက် သိလာခဲ့တာ တော်တော်လေးကြာခဲ့ပြီပင်။

ကျန်းဆွေကျိုးရဲ့ အမူအကျင့်တွေကတော့ ပြောင်းလဲသွားတာမျိုး မရှိခဲ့ပေ။ နှစ်ယောက် တွဲပြီးတဲ့နောက်မှာ အရင်က သူမအပေါ် အရေးမစိုက်တဲ့ သူက တဖြည်းဖြည်းနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာကို ပြောင်းလဲပေးခဲ့သည်။ ဟိုးအရင်က သူ့စိတ်ထဲမှာ ဘယ်လိုပဲ ထားခဲ့ထားခဲ့၊ တွဲပြီးနောက်ပိုင်းမှာတော့ သူက ခင်ပွန်းလောင်းတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေနဲ့ တကယ့်ကို ပြည့်စုံပြီးသားဆိုတာကို သူ့အပြုအမူတွေကနေတစ်ဆင့် သိနိုင်သည်။

Come To My Side (Myanmar Translation)Where stories live. Discover now