"ဘယ်အချိန်ထိသူအဲ့အတိုင်း နေရမှာလဲ။"
"ညနေခြောက်နာရီထိဆို။"
ဘေးနားက မိုးဝေနှင့် ပြည့်စုံ အပြန်အလှန်ပြောနေတဲ့စကားတွေကို အတိုင်းသားကြားနေရသည်။ ထက်မာန်ဦး ဘာတစ်ခွန်းတပါဒမှ ဝင်မပြောမိ။ သရက်ပင်ကြီးရဲ့အောက်မှာ ဒူးထောက်လျှက်သားရှိနေတဲ့ ဝေလွှမ်းကို ပြတင်းပေါက်ကနေသာ လှမ်းကြည့်နေမိသည်။
"စိုင်းဝေယံ မျက်နှာလည်းတော်တော်ကိုထိသွားတယ်လို့ပြောတယ်။ငါတော့ မကြည့်ရဲလို့သွားမကြည့်ဘူး။"
ပြည့်စုံသည် ပုခုံးလေးတွန့်ရင်း ပြောလေသည်။ သူကတော့ အောက်မှာမို့ ရန်ပွဲနဲ့ မကြုံခဲ့ရတဲ့သူကိုး။ မျက်မြင်တွေ့ခဲ့ရတဲ့ ထက်မာန်ဦးမှတ်မိသလောက်ဆိုလျှင် ဝေလွှမ်းသည် ထက်မာန်ဦးတို့ ဝင်ဆွဲမှ စိုင်းဝေယံကိုလက်သီးနှင့်ဆွဲထိုးတာ ရပ်တော့သည်။ ရန်ပွဲပြီးတော့ စိုင်းဝေယံ နှာခေါင်းကနေပင် သွေးတွေ တောက်တောက်စီးတဲ့အထိ ယိုကျနေခဲ့လို့ ချက်ချင်းပင် ကြီးငယ်ခမျာ ဆေးထည့်ဖို့ ခေါ်သွားရရှာသည်။
ဒီမှာက ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့အမူဆိုလျှင် ထိထိရောက်ရောက်ကို အပြစ်ပေးလေ့ရှိသည်။ ယောကျင်္ားလေး တွေချည်းနေတာမို့ တင်းတင်းကြပ်ကြပ် မကိုင်တွယ်လို့မရ။ သိပ်မကြာသေးခင်က ဝေလွှမ်းကို မေမေခေါ်တွေ့တဲ့အချိန်တွေဆီထက်မာန်ဦး စိတ်ကရောက်သွားလေသည်။
"ဝေလွှမ်း..ဘာလို့ ရန်ဖြစ်ကြရတာလဲ။"
ဝေလွှမ်းသည် တုပ်တုပ်မျှမလူပ်။ မေမေ့ရှေ့မှာ မျက်နှာကို အောက်ငုံ့ချထားကြသည်။ တဆောင်လုံးက ကျောင်းသားအပေါင်းသည် ကျွန်းလှေကားတလျှောက် စီတန်းနေကြပြီး ဧည့်ခန်းထဲကို လှမ်းကြည့်နေကြသည်။ ထက်မာန်ဦးလည်း အပါအဝင် ပင်ဖြစ်သည်။
"ဖြေလေ။ ဘာလို့ မဖြေရတာလဲ။"
မေမေ့အသံက ပိုပြီး မာထန်လာလေသည်။ သို့သော် ဝေလွှမ်း သည် ဒီနေ့အတွက်တော့ ဝစီပိတ်ကျင့်သုံးမယ်လို့ ခံယူထားသလားပင်။စကားသံတောင်ထွက်မလာ။
"ဘာကြောင့်များ စိုင်းဝေယံကို ထိုးတဲ့ကြိတ်တဲ့အထိ ဖြစ်ရတာလဲ။ ဝေလွှမ်း။"
YOU ARE READING
AFFECTION-နှောင်ကြိုး(ေႏွာင္ႀကိဳး)
RomanceUnicode Version "နုငယ်စဉ်က ၊ သံယောဇဉ်သည် ရက်လနှစ်တို့ ၊ ရှည်ကြာပါလည်း အကွာအဝေး ၊ မိုင်ပေါင်းရာချီ ဖြတ်တောက်နိုင်ရန် ၊ မစွမ်းသာသည်။ သစ္စာနှင့်တည် ၊ မေတ္တာမှန်က ကင်းစင်ဒုက္ခ ၊ ဒီဘ၀မယ် လောကနိဗ္ဗာန် ၊ မင်းနှင့်တည်သည် ရစ်ချည်ဖွဲ့သည့် ၊...