အပိုင်း-၂၅ (Unicode)

8.1K 1K 60
                                    


ဖေဖော်ဝါရီလရဲ့ နေ့ရက်တွေသည် တဖြည်းဖြည်းကြွေလွင့်ခဲ့ရပြီး နွေဦးကို တပတ်လည်ကာ ရောက်ရှိခဲ့လေပြန်သည်။ စာမေးပွဲအစစ်ကြီးရဲ့ ပထမဆုံးနေ့ရက်ကို လွန်မြောက်ပြီးနောက် ကျောင်းသားတွေအကုန်လုံး ထမင်းစားပွဲဝိုင်းမှာ ဆုံမိကြသည်။ ထက်မာန်ဦးသည် ညောင်းချိနေသော လက်ကို တဆတ်ဆတ်ခါရင်း မျက်နှာက ရှုံ့မဲ့နေလေသည်။

"ငထက်။ မင်းစာစီစာကုံးရော ဖြေခဲ့ရဲ့လား။"

"ဖြေလို့ငါလက်တွေတောင်ပြုတ်ထွက်တော့မယ်ဟေး...။"

ထက်မာန်ဦး မိုးဝေကို ပြန်အော်ပြောပစ်လိုက်လေရင်း ထမင်းစားပွဲဝိုင်းက ထိုင်ခုံပေါ်တက်ထိုင်ပစ်လိုက်သည်။စာမေးပွဲ ဖြေပြီးအပြန် ကျောင်းထိပ်က ဖရဲသီးသည်ဆီမှာ ဖရဲ သီးဝယ်စားချင်ပေမယ့် ကြီးငယ်က စာမေးပွဲမှာ ဖရိုဖရဲဖြစ်မယ်..မစားရဘူးဆိုလို့ ထက်မာန်ဦးခမျာ အောင့်သက်သက်နှင့် ပြန်လာခဲ့ရသည်။ အဲ့ကိစ္စကိုလည်း မကျေနပ်တာနဲ့ ထက်မာန်ဦး မျက်နှာက ရှစ်ခေါက်ချိုးမက ဆယ့်ခြောက်ခေါက်ချိုးဖြစ်နေသည်။ ကြီးငယ်ကို စိတ်ဆိုးချင်ပေမယ့်လို့ သူပြင်ဆင်ထားတဲ့ ဟင်းကို မစားရင်တော့ ငတ်ရုံသာ ရှိတော့မည်။ ဟင်းခွက်ဆီသို့ လက်လှမ်းလိုက်တဲ့အချိန်မှာတော့....

"အား!ဘာလို့ ငါးဟင်းလဲ!"

ထက်မာန်ဦးရဲ့ အော်သံကြီးကြောင့် တဝိုင်းလုံး ကျောင်းသားတွေက ထမင်း စားရင်းမှ မော့ကြည့်ကြပြန်သည်။ ထက်မာန်ဦးမှ ငါးဟင်းမကြိုက်တာကိုလို့။ခုတလော ငါးဟင်းတွေချည့် ဆက်တိုက်စားရတာ။ စာမေးပွဲ ရက်လေးတောင် ထက်မာန်ဦး အကြိုက် မချက်ဘဲ ငါးဟင်းတဲ့လား။ ဘဲဥဟင်းဘဲ ဖြစ်ဖြစ်ဆိုရင်တောင် ထက်မာန်ဦး ကြိုက်သေးသည်။ စာမေးပွဲရက်တွေဆို ထက်မာန်ဦး စိတ်က သာမန်ထက် ပိုဆတ်သည်။ စိတ်က မကြည်လင်။

"သားငယ်ရေ။ ဒါက အတိတ်နိမိတ်ကောင်းတွေနဲ့ ယတြာချေပြီး ချက်ထားတာ။ ဒီက ကလေးတွေ ငါးဘာသာ ခြောက်ဘာသာထွက်အောင်လို့။ ဂျီးမများဘဲ စားစရာရှိစား။"

ကြီးငယ်အသံက ထက်မာန်ဦး အနောက်ကနေ ထွက်ပေါ်လာလေသည်။ ထက်မာန်ဦးသည် ငါးကြင်းကို ဟင်းချက်ကျွေးရုံမကလို့ ဝေလငါးကိုဖမ်းပြီး အကောင်လိုက်ကင်ကျွေးလျှင်တောင် ငါးဘာသာထွက်မယ့်ကောင်မဟုတ်ပါ။ ထက်မာန်ဦး ကြီးငယ်ကို ပြန်ဂျီတို်က်ဖို့ နောက်လှည့်ပြီး ပါးစပ်ဟရုံရှိသေးသည်။

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now