စာ-Unicode

9K 938 142
                                    

သို့     မာန်

ငါ့နံဘေးမှာ မင်းမရှိဘဲ နိုးထလာရတဲ့ မနက်ခင်းတွေဟာ အဓိပ္ပါယ် မပြည့်စုံတော့ဘူး။ မာန်။

ဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ။ ခုဆို ရွာငံမှာ မြူတွေဆိုင်းပြီး နှင်းစက်ကလေးတွေတောင် သစ်ပင်ထက်မှာ တွဲလွဲခိုနေပြီ။

ပြက္ခဒိန်ထက်က စက္ကူစာရွက်လေးတွေကို ငါ့လက်ထဲ တစ်ရွက်ချင်းစီ ဆုတ်ဖြဲနေမိတယ်။ ခေါင်းထဲ ပေါ်လာသမျှ ရက်စွဲတွေဟာ ကိန်းဂဏန်းသပ်သပ်ဘဲ။ တကယ်တော့ မင်းမပါတဲ့နေ့ရက်တွေဟာ ငါ့ရဲ့ ရင်ထဲ ကမ္ဘာတစ်သိန်းလောက် ကြာရှည်သွားနှင့်ပြီ။

ချစ်ခြင်းမေတ္တာဟာ အကွာအဝေးတွေ မိုင်ဘယ်လောက်ချီနေပစေ။ ပျက်ပြယ်မသွားတာမျိုးပေါ့။ ငါတို့ကြားက ချည်နှောင်ထားတဲ့ သံယောဇဉ်နှောင်ကြိုးလေးဟာလည်း အချိန် ဘယ်လောက်ကြာကြာ မပြတ်တောက်သွားတာမျိုးပေါ့။ မာန်။ ဒီစကားလုံးတွေကို ထပ်ခါတလဲလဲ ရေရွတ်ရင်း သက်ပြင်းအလီလီချမိတယ်။

ဘယ်ဘဝအဆက်ဆက်က အကုသိုလ်နဲ့ ကံအကြောင်းတရားတွေများလဲ။ အကြိမ်ကြိမ် ဆုံရလေသမျှ အခါခါလက်လွှတ်ခဲ့ရတယ်။ မင်းကို အပြစ်မတင်ရက်တဲ့နောက် မမြင်ရတဲ့ ကံကြမ္မာကို ရမယ်ရှာမယ်။ သံသရာကို တော်လှန်ပြီး မင်းနဲ့ ပတ်သက်သမျှ အခိုက်အတန့်တွေအကုန်လုံး ဒီဆုံရကြုံရတဲ့ ရေစက်ကလေးမှာဘဲ အရာအားလုံး ရပ်တန့်ထားလိုက်ချင်တယ်။ အခါအခွင့်များရှိခဲ့ရင် မလျှောက်ဖြစ်ခဲ့တဲ့ ဦးပိန်တံတားကိုလည်း လက်ချင်းတွဲပြီး ဟိုဘက်အဆုံးထိ လျှောက်ချင်သေးတယ်။

အမှန်အတိုင်း ဝန်ခံရရင်လေ မင်းနဲ့ငါနဲ့ကိုအတူ တွဲမြင်နေကျ ပတ်ဝန်းကျင်မှာ ရှင်သန်နေရတာ တဖြည်းဖြည်း ခက်ခဲလာတယ်။ အိမ်ကို စာလာကျက်တဲ့ ကလေးတွေက မင်းရောလို့ မေးလာရင် ငါ့မှာ ပြုံးပြရုံဘဲ တတ်နိုင်တယ်။ ရွာထဲကလူတွေက မင်းဘယ်တော့ပြန်လာမလဲလို့ မေးရင် ငါ့မှာ ရေရာတဲ့ အဖြေရှိမနေခဲ့ဘူး။

မင်းမရှိတော့ ကြက်ဥတွေလည်း စျေးနှိမ်ခံရတယ်။ မာန်။ ကြက်မတွေဟာ သခင်ပျောက်ပြီး မနက်ဘက်တွေဆို ကတော်ကတော်နဲ့။ ကြယ်တွေစုံတဲ့ညတွေဆီက ငါ့ပုခုံးပေါ် ခေါင်းမှီခဲ့တဲ့ မင်းရဲ့ ကိုယ်ငွေ့လေးကို တမ်းတမိတယ်။ အခုတော့ စိမ့်နေအောင် အေးတဲ့ ညနက်နက်တွေထဲ ကြယ်တွေအောက်မှာ ငါတစ်ယောက်တည်း။ ဒီကောင်းကင်ပြင်တစ်ခုတည်းအောက် မင်းလည်း ငါနဲ့တူတူ ရှိနေမှာပေါ့။ ဒါပေမယ့် ငါ့ဘေးမှာတော့ မဟုတ်ခဲ့ဘူး။

မင်းမရှိတော့တဲ့ ဒီအိမ်ကလေးဟာ နေခြည်ဖြာလည်း မနွေးတော့ဘူး။ လေပြည်သွေးလည်း မအေးချမ်းဘူး။ မနက်စောစောဆို ဆူပူနေတတ်တဲ့ မင်းရဲ့အသံစာစာလေးဟာ မီးခိုးတိတ်နေတဲ့ မီးဖိုချောင်နဲ့အတူ ပျောက်ဆုံးနေခဲ့တာ ကြာပြီ။ ငါ့လက်နဲ့ ငါကိုယ်တိုင်ဖန်တီးယူခဲ့တဲ့ ဒီနိဗ္ဗာန်ဘုံလေးဟာ မင်းမပါတော့ မပြည့်စုံဘူး။

ငါအဆင်ပြေနေတယ်လို့ ပြောရင် လိမ်ရာကျမယ်။ မာန်။ ဒါကြောင့် မပြေလည်မူတွေဘဲ ချရေးထားတဲ့ ဒီစာကို မင်းကို ပို့ဖြစ်လိမ့်မယ်မထင်ဘူး။ အခုလောလောဆယ်တော့ မပြေပြေအောင် နေ,နေပါတယ်။

မင်းကိုလွမ်းရင် မင်းချစ်တဲ့ ကြက်မလေးတွေကို အစာထိုင်ကျွေးဖြစ်တယ်။ မင်းလက်နဲ့ ထိတွေ့ခဲ့သမျှ အရာအားလုံးရဲ့ ပတ်ဝန်းကျင်မှာ ငါခုထိရှိနေတုန်းဘဲ။ မင်းပြန်အလာကို စောင့်နေရင်းနဲ့။ တခါတလေများ စိတ်ပျက်အားလျော့လာမိရင် ငါပျိုးနေတဲ့ ဂန္ဓမာပန်းဖြူလေးကတော့ လှမ်းပြောရှာရဲ့။

မင်းတနေ့ ပြန်လာမှာပါတဲ့။

လွှမ်း

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now