အပိုင်း- ၃၂ (Unicode)

7.1K 973 256
                                    


"ဖြန်း!ဖြန်း!ဖြန်း!"

ထက်မာန်ဦး ပေတံစောင်းနှင့် စားပွဲကို တဖြန်းဖြန်းရိုက်ပစ်လိုက်တော့ အဆောင်ကျောင်းသားအားလုံးက ထက်မာန်ဦးကို လှည့်ကြည့်လာလေသည်။ ထက်မာန်ဦးက ခုံအမြင့်တစ်လုံးပေါ်မယ်ထိုင်နေတာမို့ ကြမ်းပြင်ပေါ်ထိုင်နေတဲ့ ကျောင်းသားအားလုံးကို အပေါ်စီးကနေလှမ်းမြင်နိုင်သည့်အနေအထား။ ကျောင်းသားတစ်ယောက်ချင်းစီရဲ့ မျက်နှာကို ထက်မာန်ဦး ပေတံကို တဆတ်ဆတ်လူပ်ခါရင်း ရွယ်လိုက်ပြီး

"မင်းတို့ကောင်တွေက ဆူညံနေတာဘဲ။ အသံတိုးတိုးနေပြီး စာကျက်စမ်း!"

ကျောင်းသားလေးတွေသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ငြိမ်ကျသွားလေသည်။ ထက်မာန်ဦး ပုံစံက ခြေတစ်ဖက်သာ တင်ပြင်ခွေထားပြီး တစ်ဖက်က ခုံပေါ်မယ် ဒူးထောင်ပြီး ထိုင်လိုက်သေးတာမို့ စာကျက်တာ စောင့်ပေးနေတဲ့ ဂိုက်ထက် ကလေးတွေကို မိုက်ကြေးခွဲနေတဲ့ လူမိုက်နှင့်ပင်ပိုတူနေသေးသည်။ ထိုအထဲမှ အနည်းငယ်ရဲတင်းတဲ့ ကလေးတစ်ယောက်က မကြားတကြားနှင့် ခပ်တိုးတိုးပြောလေသည်။

"စာကျက်ပါတယ်ဆို ဘယ်လိုအသံတိုးလို့ရမလဲ!"

"သြော်။ဟော။ ငါပြောတာက စကားမများဘဲ စာကျက်ခိုင်းတာကို ပြောတာ!"

ထိုကလေးက အနည်းငယ်အကြောတင်းမယ့်ပုံကလေး။ ထက်မာန်ဦး ပြောတာကို ဟုတ်လို့ ပြန်မဖြေဘဲ မျက်စောင်းထိုးပြီး တစ်ဖက်သို့လှည့်သွားလေသည်။

အမယ်..ဒင်းက ငါ့ကိုများ။

ထက်မာန်ဦး စိတ်ထဲ ကြိမ်းဝါးလိုက်ပြီး ထောင်ထားတဲ့ ဒူးတစ်ဖက်ကိုချပြီး ထိုင်နေရာမှ ထဖို့ ပြင်လိုက်စဉ်မှာဘဲ ကြီးငယ်ရဲ့ အသံက နောက်ဘက်မှ ပေါ်လာလေသည်။

"သားငယ်ရယ်။ နင်ဟာလေ။ ငါခဏလေး ကြည့်ခိုင်းလိုက်မိပါတယ်။ ကလေးနဲ့ ရန်ဖြစ်နေပြန်ပြီ။"

ကြမ်းပြင်ပေါ် ခြေချပြီး ဖြဲကားနေပြီ ဖြစ်တဲ့ ပေါင်လေးနှစ်ဖက်ကို အသာလေးစုလိုက်ပြီး ထက်မာန်ဦး အိန္ဒြေရရ ပြန်ထိုင်လိုက်သည်။ သို့သော် ကြီးငယ်သည် သူရောက်လာတာနဲ့ ထက်မာန်ဦး ထိုင်နေတဲ့ ခုံကနေ ထက်မာန်ဦးကို အတင်းဆင်းခိုင်းလေတော့သည်။

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now