အပိုင်း-၄၅ (Unicode)

7.3K 947 135
                                    


 "ငါဒီနေ့ လွှမ်းနဲ့ တွေ့ခဲ့တယ်။"

ထိုစကားတစ်ခွန်းကို သာပြောရသေးသည်။ စိုင်းဝေယံဆိုတဲ့ သကောင့်သားသည် ခြေထောက်ကဖြင့် အပြည့်အဝ ပြန်မကောင်းသေးဘဲနဲ့ ရန်ကုန်ကနေ မန္တလေးထိ တက်လာမည် တကဲကဲ လုပ်နေလေသည်။

"မင်းကိုယ်မင်းသာ ဂရုစိုက်စမ်းပါ။ အခုလေ့ကျင့်ခန်းတွေလုပ်နေရတုန်းဘဲလား။"

ပုံမှန်အတိုင်း လမ်းပြန်လျှောက်နိုင်ဖို့ ကြွက်သားလေ့ကျင့်ခန်းအချို့ကို စိုင်းဝေယံ လုပ်နေရတာ သိတာမို့ ထက်မာန်ဦးမေးလိုက်မိသည်။

"အေး။ဒါပေမယ့် ချိုင်းထောက်အကူက ယူရတုန်းဘဲ။ဒါနဲ့ ပြောစမ်းပါ။ ဝေလွှမ်းအခြေအနေကရော။"

စိုင်းဝေယံသည် လွှမ်း အကြောင်းကိုသာ စိတ်ဝင်စားနေလေသည်။ ထက်မာန်ဦးသည် စိုင်းဝေယံ ကြားကောင်းဖို့အရေး ဘယ်လိုဖြေရမလဲမသိ။ စကားလုံးတချို့ကို ရွေးချယ်နေမိပေမယ့်လည်း နောက်ဆုံး စိုင်းဝေယံကို စိတ်မပူချင်စေတာမို့ ထက်မာန်ဦး မုသာဝါဒစကားကိုသာ သုံးနူန်းလိုက်မိသည်။ မဟုတ်လျှင် ဒင်းပုံစံက ညတွင်းချင်းပင် ရန်ကုန်သို့ ခြေတပေါင်ကျိုးနှင့် တက်လာမည့်ပုံရှိသည်။

"အရမ်းမစိုးရိမ်ရပါဘူး။စိတ်မပူပါနဲ့။"

"ဟုတ်လား။ ငါသူ့ဆီဖုန်းဆက်လို့ရလား။"

စိုင်းဝေယံရဲ့ စိတ်အားထက်သန်မူက ပြင်းထန်လွန်းလှသည်။ အခုမှ လွှမ်းကို မဆက်သွယ်ရလျှင် ချက်ချင်း ခေါက်ခနဲသေတော့မည့်အတိုင်း။ ထက်မာန်ဦးမှာလည်း စကားကို ဖာကာ ထေးကာနှင့် ပြောနေရလေသည်။

"ဖုန်းတော့ပြောလို့ရမှာမဟုတ်ဘူး။"

"ဟမ်။ဘာလို့လဲ။"

"သူစကားပြောလို့မရဘူး။"

"စကားတောင်ပြောလို့မရဘူးလား။မင်းပြောတော့ အခြေအနေကောင်းတယ်ဆို။"

စိုင်းဝေယံသည် စကားကို ချောင်ပိတ်ပြီး မေးနေလေတာမို့ ထက်မာန်ဦး ဖြေရ တဖြည်းဖြည်းခက်လာသည်။ ပြောနေရင်း လစ်ဟာသွားတဲ့ စကားကွက်ကို ထောက်ပြီး မေးနေတာမို့ ထက်မာန်ဦးမှာ မလူးသာ မလွန့်သာ။

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now