အပိုင်း-၃၀ (Unicode)

8K 996 162
                                    


"ခစ်..ခစ်..ခစ်။."

လွှမ်းရောင်ထည်ဝါစံအိမ်ကြီးတစ်ခုလုံးသည် ရယ်ရွှင်မြူးထူးသံတွေနှင့် ဖုံးလွှမ်းနေလေသည်။ဟိုမှသည် သွားလာနေကြတဲ့ အိမ်အကူတွေသည် ပြေးလွှားဆော့ကစားနေတဲ့ ကလေးနှစ်ယောက်ကို မနည်းရှောင်တိမ်းနေရလေသည်။ သော်လွှမ်းသည် ထက်မာန်ဦးကို မခံချင်အောင် လျှာထုတ်ပြလေရင်း ရွှေရောင်လှေကားကြီးတလျှောက် အောက်ထပ်ကိုပြေးဆင်းသွားလေသည်။

"အို။ ဟဲ့..ငယ်လေးရေ။"

အောက်ထပ်လည်းရောက်ရော အပြင်ကနေ ပန်းတွေပိုက်ပြီး ဝင်လာတဲ့ အန်တီချောကိုပင် သော်လွှမ်းက ဝုန်းခနဲ ဝင်တိုက်လေပြီး ချော်လဲကျမလို ဖြစ်လေသည်။ အန်တီချောမှာ သော်လွှမ်းကို လှမ်းဖမ်းဆွဲပြီး ထူပေးဖို့ ပြင်သော်လည်း သော်လွှမ်းက ထက်မာန်ဦး ပြေးလိုက်လာတာ မြင်သည်နှင့် အန်တီချောလက်ထဲကနေ ရုန်းထွက်ပြီး ခြံထဲကို ဆင်းပြေးသွားတော့သည်။

"ကလေးတွေ။ သတိထားဦး။ ချော်လဲကုန်မယ်။"

ထက်မာန်ဦးပါ ခြံထဲပြေးလိုက်သွားတော့ နောက်ကနေ အန်တီချောရဲ့ လှမ်းသတိပေးသံကို ကြားလိုက်ရလေသည်။ ထက်မာန်ဦး လှည့်မကြည့်သော်လည်း အန်တီချောက သော်လွှမ်းနှင့် ထက်မာန်ဦးကို ကြည့်ပြီး ပြုံးနေမည်ဆိုတာ သေချာလို့နေသည်။

"လာ။မိပြီ။ မပြေးနဲ့တော့။"

ခြံထဲက သစ်ခွပန်းခြံ ဘက်ကိုရောက်သွားတော့ ချောင်ပိတ်မိသွားသော သော်လွှမ်းသည် ပြေးစရာမြေမရှိတော့။ ထက်မာန်ဦး ထို ဝတုတ်လုံးကို နောက်ကနေ ကောက်ချီပြီး ပွေ့မလိုက်တော့ ထက်မာန်ဦးလက်ထဲ တနင့်တပိုးကြီး မြောက်တက်လာလေသည်။ ဒင်းကို ပွေ့ချီပြီး တပတ်လှည့်ပစ်လိုက်တော့ သူက မကြောက်တဲ့အပြင် တခစ်ခစ်နဲ့ ရယ်နေလေသည်။

"မောတယ်။ တော်ပြီ။ မဆော့နိုင်တော့ဘူး။"

သော်လွှမ်းကို မြေပေါ်ပြန်ချပေးလိုက်ပြီးနောက် ထက်မာန်ဦး မြေကြီးပေါ်မှာပင် ငုတ်တုတ်ထိုင်ချပစ်လိုက်သည်။ ထက်မာန်ဦးမှာသာ လျှာတန်းလန်းထွက်ကျမတတ် မောဟိုက်နေပေမယ့် ထိုကလေးကတော့ နဖူးမှာချွေးတွေ စို့နေရုံမှအပ နည်းနည်းလေးမှ ပင်ပန်းနေတဲ့ ရုပ်မပေါ်။ ဒါတောင် ထက်မာန်ဦးနှင့် သော်လွှမ်း မနတ်စာ စားပြီးကတည်းက တအိမ်လုံးပတ်ပြေးပြီး ဆော့နေတာ။

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now