အပိုင်း-၄၀ (Unicode)

7.7K 933 168
                                    

စိုင်းဝေယံ ကျောင်းဝန်းအနှံ့ ပြေးလွှားနေလျှက် ဟိုဟို ဒီဒီလျှောက်ကြည့်နေမိသည်။ PT ချိန်ပြီးတော့ ဝေလွှမ်းက စိုင်းဝေယံ သတိမထားလိုက်မိတဲ့ တခဏအတွင်းလေးမှာတင် ဘယ်ရောက်သွားလဲမသိ။ စိုင်းဝေယံ ဝေလွှမ်းကို ပတ်ရှာနေသည်မှာ ပင်မစာသင်ဆောင် ကြီးကို ကျော်လွန်ပြီး မိန်းဂိတ်ပေါက်ဝဘက်ထိတာင် ရောက်တော့မည်။ အတန်ကြာထိ ရှာပြီးတော့မှ စိုင်းဝေယံ မြင်ကွင်းထဲ ရောက်လာသည်က အပြာရောင်ခေါင်မိုးလေးအောက်မှာ ရပ်နေတဲ့ အစိမ်းရင့်ရောင် ပုံရိပ်လေး။

"ဝေလွှမ််း!"

စိုင်းဝေယံ လှမ်းအော်လိုက်ပေမယ့် ထိုအရိပ်ကလေးသည် တုပ်တုပ်မျှမလူပ်။ ဝေလွှမ်းမှ ဟုတ်ရဲ့လားလို့ တွေးလိုက်မိပေမယ့် စိုင်းဝေယံ တဖြည်းဖြည်း အနားကို ကပ်လာတော့ ဝေလွှမ်းဆိုတာ ပိုပြီး သေချာလာရသည်။ စစ်စိမ်းရောင် ယူနီဖောင်းဝမ်းဆက်လေးနဲ့ ဝေလွှမ်းသည် နေရာတွင် တောင့်တောင့်ကြီး မတ်တပ်ရပ်နေလေသည်။

"ရှာလိုက်ရတာ။ မင်းက ဒီရောက်နေတာကိုး။"

ဝေလွှမ်းကို လှမ်းအော်ပြောရင်း တစ်ခါတည်း ဝေလွှမ်း အနီးဝန်းကျင်ကိုပါ အကဲခတ်လိုက်သည်။ PCO ဖုန်းဆိုင်လေးထဲမှာ ရောက်နေတာဆိုတော့ ဝေလွှမ်း တစ်ယောက်ယောက်ဆီ ဖုန်းဆက်နေတာ ဖြစ်ပုံရသည်။

"လာ။ ရေချိုးဖို့နောက်တောင် ကျနေပြီ။ ထမင်းလည်း သွားစားရဦးမယ်။"

စိုင်းဝေယံ လှမ်းခေါ်တော့မှ အသိဝင်လာတဲ့ လူတစ်ယောက်လို အင်းတစ်လုံးသာ ပြန်ဖြေသည်။ ထို့နောက် ဝေလွှမ်းသည် ထိုအပြာရောင် အမိုးလေးအောက်မှ ချာခနဲ လှည့်ထွက်လာတာမို့ စိုင်းဝေယံမှာ ဝေလွှမ်းရဲ့ ခြေလှမ်းကြဲကြီးတွေနောက် လိုက်ရပြန်သည်။

"ဘယ်သူ့ဆီဖုန်းဆက်နေတာလဲ။ ငထက်ဆီလား။"

ဝေလွှမ်း ထက်မာန်ဦးဆီကို ဖုန်းဆက်လေ့ဆက်ထ ရှိတာကို သိနေတာမို့ စိုင်းဝေယံ မေးလိုက်မိသည်။ အရင်နေ့တွေ ဝေလွှမ်း ဘယ်သူ့ဆီ ဖုန်းဆက်ဆက် စိုင်းဝေယံ မမေးဖြစ်ပေမယ့် ဒီနေ့က ဝေလွှမ်းမျက်နှာက သိပ်မကောင်းတာမို့ စိုးရိမ်စိတ်ကလေးနဲ့ စိုင်းဝေယံ စပ်စုလိုက်မိခြင်းဖြစ်သည်။ ထိုမေးခွန်းကို ကြားလိုက်တော့ ဝေလွှမ်းရဲ့ မျက်ခုံးတန်းနှစ်ခုက ထိစပ်လုမတတ် တွန့်ကွေးသွားလေတော့သည်။ ထို့နောက် ဝေလွှမ်းက ခပ်ပြတ်ပြတ်သာ ပြန်ဖြေသည်။

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now