CHAPTER 297

7K 1.3K 72
                                    

Zawgyi ver..



ကျောင်းခွဲတစ်သို့တရားဝင်ဝင်ရောက်ခွင့်ရကြခြင်း



ယူရှောင်မို့စကားကြောင့် တစ်ဖက်လူငယ် ယင်ကောင်စားမိသကဲ့သို့ စနိုးစနောင့်ဖြစ်သွားရသည် ။



ယူရှောင်မို့အတွက်တော့ တစ်ဖက်လူငယ်မှ သူ၏တိုက်ကွက်အား တောင့်ခံနိုင်ခဲ့လျှင်လည်း ကိစ္စမရှိ၊ သူချန်ပီယံဆုအား မည်သို့အရယူနိုင်ခဲ့သည်ကိုသာ သိစေချင်ရုံ... ။


ထို့ကြောင့် စကားအခြေအတင်ဆက်ပြောဆိုမနေတော့ပဲ သူ၏လက်အတွင်းရှိ ရွှေရောင်စွမ်းအင်လုံးအား တစ်ဖက်လူထံသို့ ပစ်သွင်းလိုက်လေသည် ။




အရိုင်းဆန်ဆန်အထိန်းအကွပ်မဲ့ကာ ခမ်းနားထည်ဝါလှသော ဝိဥာဉ်စွမ်းအားများသည် ယူရှောင်မိုစေညွှန်းလိုက်ရာ လမ်းကြောင်းတစ်လျှောက်အတိုင်း အရှိန်အဟုန်ပြင်းပြင်း ဖြတ်သန်းလာကြပြီး တစ်ဖက်လူငယ်ထံသို့ တည့်တည့်မတ်မတ်ဦးတည်သွားကြသည်၊ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်၌လည်း မြူခိုးများဖုန်မှုန့်များ ရှုပ်ထွေးပွထသွားပြီး ၎င်း၏ပြင်းထန်လွန်းသော ဖိအားအရှိန်ကြောင့် ၎င်းတို့ရပ်နေသော ကျောက်ဖျာသည်ပင် တဖြည်းဖြည်းချင်း အက်ကွဲထွက်လာခဲ့လေ၏ ။

ထိုကြောက်ခမန်းလိလိ စွမ်းအားများအား  မျက်ဝါးထင်ထင်မြင်တွေ့နေရသောအခါ  တစ်ဖက်လူငယ်ကိုယ်၌ စတင်တုန်လှုပ်လာတော့၏၊ ဤတိုက်ကွက်အား ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်မှန်း သူ့ကိုယ်သူသိသည်၊ သို့သော်လည်း ဤအတိုင်းတော့ရပ်၍ ငြိမ်မခံနေလိုသောကြောင့် လက်နှစ်ဖက်အားဝှေ့ရမ်းကာ အစောက ယူရှောင်မိုပြုလုပ်ခဲ့သော အကာအကွယ်စည်းထက် သုံးလေးဆပိုထူသောနံရံတစ်ခုအား အထောက်အကူဖြစ်လိုဖြစ်ငြား အလျင်အမြန် ဖန်တီးထားလိုက်လေသည် ။

သို့သော်လည်း လူအပေါင်း၏ အံ့သြမှင်သက်လျက်ရှိသော အကြည့်များရှေ့မှောက်တွင်ပင် ရွှေရောင်စွမ်းအင်လုံးလေးမှ အရောင်တစ်ဖျပ်ဖျပ်လက်ကာ လူငယ်လေး၏အကာအကွယ်နံရံအား အောင်မြင်စွာ ဝင်တိုက်ဖြိုချပစ်လိုက်လေသည် ။

ဘုန်း!



ဝိဥာဉ်စွမ်းအားနှစ်ခု ထိစပ်မိသောနေရာမှစတင်၍ အားကောင်းလှသောစွမ်းအင်လှိုင်းများ ထွက်ပေါ်လာကာ လေပြင်းမုန်တိုင်းကဲ့သို့ ပတ်ဝန်းကျင်တစ်ခွင်အား ရိုက်ခတ်သွားလေသည်၊ နှစ်စက္ကန့်ခန့်ကြာသောအခါ ပွဲကြည့်နေသောပရိတ်သတ်အပေါင်းမှ  အက်ကွဲသံကြီးတစ်ခုအား အတိုင်းသား ကြားလိုက်ရသည်၊ သို့သော် ယခုတစ်ခေါက်အက်ကွဲကြောင်းရာသည် ခါတိုင်းကဲ့သို့ အက်ကွဲကြောင်းငယ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီးမှ ဝါးမျိုဖျက်ဆီးပစ်ခြင်းမျိုးမဟုတ်ပဲ  တစ်ဖက်လူငယ်၏ အကာအကွယ်နံရံအား တစ်ချက်တည်းနှင့် ပြိုလဲကျသွားလောက်အောင် စွမ်းဆောင်နိုင်ခဲ့လေသည် ။

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now