39.3K 2.6K 51
                                    

[Unicode]

ကွာရှင်းဖို့အကြောင်းပြချက် : သူငါ့ကိုမချစ်ဘူး


မိမိ၏ပုခုံးကို ညင်သာစွာဖြင့် တစ်စုံတစ်ယောက်က လာပုတ်သောကြောင့် ချန်းကျင်းသည် အတွေးလွန်နေရာမှ သတိပြန်ဝင်လာခဲ့၏။

တစ်ဖက်လူကို စူးစမ်းလိုစိတ်ဖြင့် ပြန်လည်မော့ကြည့်လိုက်သည့်တိုင် သူ၏မျက်နှာက ခံစားချက်နတ္ထိ။
သူ၏ပုခုံးကို ပုတ်လိုက်သောသူသည်ကား မျက်နှာချိုချိုနှင့် အမျိုးသမီးတစ်ဦးဖြစ်ကာ ချိုသာစွာ ပြုံးပြလျက်ရှိသည်။ ပုံမှန်လေသံဖြင့် သူမကဆိုလာ၏။

"ဆရာ့အလှည့်ရောက်ပါပြီ"

ချန်းကျင်းသည် မိမိ၏ခြေထောက်များကို တစ်ဖက်သို့ အားပြုလှည့်ကာ ခြေတစ်လှမ်း လှမ်းလိုက်မိပြီးမှ လမ်းလျှောက်သည့် အရှိန်ကိုရပ်ရင်း စကားဆိုသည်။

"ကျေးဇူး..အကြောင်းကြားလို့ ကျေးဇူးပါပဲ"

"ယဉ်ကျေးနေဖို့ မလိုပါဘူးဆရာ"

အမျိုးသမီးသည် ချိုသာစွာ ပြုံးပြလျက်ပင် ပြန်ဖြေ၏။

"အမျိုးသားဖြစ်ပြီး အရမ်းယဉ်ကျေးတာပဲနော်"

ဤကဲ့သို့သော ချီးမွမ်းစကားကို ကြားရသည့်အခါ ချန်းကျင်း၏မျက်နှာသည် စိမ်းဖန့်ဖန့်ဖြစ်သွားလေသည်။ ထိုအမျိုးသမီးက လက်ညှိုးညွှန်လျက် ထပ်ပြောလာ၏။

" ဒီတံခါးကနေ ဝင်သွားလိုက်ပါ။ အထဲမှာ ဆရာ့အတွက် လုပ်ထုံးလုပ်နည်းတွေအားလုံးကို တာဝန်ယူဆောင်ရွက်ပေးမယ့် အဖွဲ့ဝင်ဝန်ထမ်းတစ်ယောက် ရှိပါတယ်"

"ကောင်းပါပြီ ကျေးဇူးပါပဲ"

ချန်းကျင်း၏ခြေလှမ်းများက အနည်းငယ် မူမမှန်ချင်ပေ။ "လက်ထပ်ခြင်းအမှုရေးရာရုံးခန်း" ဆိုသည့်ဆိုင်းဘုတ်ကို မော့ကြည့်ပြီးဖတ်လိုက်သည့် တစ်ခဏတွင် သူ့နှလုံးသားက မရပ်မနားခုန်လာရသလိုပင်။ ထို့နောက် သက်ပြင်းရှည်ကြီးတစ်ချက်ချလျက် အခန်းတွင်းထဲသို့ သူဝင်လာခဲ့ပေ၏။

Application For Divorce  [ 离婚申请 ] Where stories live. Discover now