၇၇

14K 1.8K 184
                                    

Unicode

လက်တွဲဖော်တစ်ယောက်၏ တာဝန်အား
ဆောင်ရွက်ခြင်း

အမှန်အတိုင်းဆိုရလျှင် ဗိုလ်ချုပ်လုထောင်ထံ၌ ဖန်များစွာ ရှိရုံသာမက တရားမဝင်သော ထောက်ပံ့ရေးကလပ်များလည်း ရှိသေး၏။ ၎င်းအရာများအားလုံးသည်ကား သူ၏ထူးချွန်လှသော စစ်မက်စွမ်းရည်၊ ခန့်ညားလွန်းသည့် ရုပ်ရည်အသွင်အပြင်များနှင့် ရာထူးပိုင်းဆိုင်ရာ ကောင်းမွန်သော အလားအလာများကြောင့် အသီးသီး ပေါ်ပေါက်လာရခြင်းပင်။ ထို့အပြင် သူသည် တည်ထောင်သူမျိုးနွယ်ဝင် မဟုတ်ရပါဘဲ စစ်တပ်ဌာနချုပ်တွင် သာမန်တပ်သားအဆင့်မှ ဤကဲ့သို့ ရာထူးကြီးမားသည့် ဗိုလ်ချုပ်နေရာသို့ ခြောက်နှစ်အတွင်း တက်လှမ်းလာနိုင်ခြင်းမှာ လွန်စွာမှ ချီးကျုးစရာ ကောင်းလှသေးလေသည်။

တိတိကျကျဆိုရလျှင် အမျိုးသမီးများနှင့် ရှားပါးမျိုးစိတ်များသည် လုထောင်၏ရုပ်ရည်အသွင်အပြင်နှင့် ပတ်သက်၍ အတော်လေး နှစ်ခြိုက်တတ်ကြ၏။ အကြင်သူ့ထံ၌ ခန့်ညားသော ကိုယ်ထည်နှင့် ရှည်လျားဖြောင့်မတ်သော ကိုယ်ဟန်အနေအထား ရှိသည်။ ထို့အပြင် တစ်နှစ်ပတ်လုံးနီးပါး မပြုံးရယ်တတ်သော သူ၏ခပ်တည်တည် မျက်နှာထားကြောင့် ၎င်းဖန်များအားလုံးသည် လုထောင်သည်ကား မိမိကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းနေတတ်၍ စည်းကမ်းကြီးတတ်သူ ဖြစ်မည်ဟု ဘာသာတွေးထင်ကြကာ ယခင်ကထက်ပို၍ လေးစားကြွေဆင်းလာရလေ၏။ အထူးသဖြင့် လုထောင်က စစ်တပ်ယူနီဖောင်းအား ဝတ်ဆင်ထားချိန်မျိုးဆိုလျှင် မြင်ရသူတိုင်း၏ခြေချောင်းများကို ပျော့ခွေသွားစေသည်အထိ ခန့်ညားသွားတတ်သေးသည်ပင်။

မည်သို့ပင်ဆိုစေကာမူ ၎င်းတို့အားလုံးအနက်မှ လုထောင်၏ဆွဲဆောင်မှုအရှိဆုံး ပုံစံသည်ကား အကျႌကြယ်သီးများကို ဖြုတ်နေသည့် မြင်ကွင်းသာ ဖြစ်ရလေသည်။

အမှန်အတိုင်းဆိုရလျှင် ၎င်းမှာ တရားဝင်ရိုက်ကူးရေး လုပ်နေစဉ်အတွင်း တစ်ယောက်ယောက်က ရိုက်ယူထားသော ဗီဒီယိုအတိုလေးသာ ဖြစ်ရ၏။ ထိုအခါက လုထောင်သည် လေ့ကျင့်ရေးစခန်းတစ်ခု၌ တပ်သားအသစ်များကို စစ်ဆေးနေခြင်း ဖြစ်သည်။ ထိုအချိန်တွင် တပ်သားအသစ်တစ်ဦး၏ လေ့ကျင့်ပုံက အနည်းငယ် နည်းလမ်းမကျကြောင်း တွေ့ရသောအခါ သူသည် ချက်ချင်းပင် သူ၏အပေါ်ထပ်ယူနီဖောင်းအား ချွတ်လိုက်၍ ရှပ်အကျႌမှ ကြယ်သီးနှစ်လုံးခန့်မျှကို ဖြုတ်ကာ ကိုယ်တိုင် နည်းလမ်းတကျ သရုပ်ပြပေးလာခဲ့ခြင်း ဖြစ်၏။

Application For Divorce  [ 离婚申请 ] Where stories live. Discover now