12.9K 2.1K 44
                                    

Unicode

မစ္စ ရီလာ

နှစ်နှစ်ကြာ အလုပ်လုပ်ခဲ့ပြီးနောက်တွင် ချန်းကျင်းသည် အန်ဒီနှင့် အလွန်ရင်းနှီးလာပေ၏။ အန်ဒီသည် အသက် နှစ်ဆယ်ဝန်းကျင် လူငယ်တစ်ယောက်ဖြစ်ကာ အပြင်ရုပ်ရည်ကြည့်ကောင်းရုံသာမက အတွင်းစိတ်ထားကလည်း ကောင်းသေးလေသည်။ သူသည် ချန်းကျင်းကိုမြင်သောအခါ လက်ယမ်းနှုတ်ဆက်လိုက်၍ ဆိုလာခဲ့၏။

"ဒီနေ့မင်းအတွက် အော်ဒါတစ်ခုရှိတယ်"

ချန်းကျင်းသည် အလွန်အမင်းပျော်ရွှင်သွားမိလေ၏။ အထူးတလည်အော်ဒါမှာသည့် ပစ္စည်း၏တန်ဖိုးအခသည်ကား ပုံမှန်ပစ္စည်းထက် ဈေးပိုများသောကြောင့်ပင်။ ထို့အပြင် သူသည် ၎င်းကို မိမိအိမ်သို့ယူသွား၍ အေးအေးဆေးဆေးလည်း လုပ်နိုင်ပေသည်။ လွန်ခဲ့သည့် နှစ်နှစ်လုံးလုံး သူသည် အပ်ချည်နှင့်အပ်ကိုင်တွယ်ပုံကို ကျွမ်းကျင်အောင် အပြင်းအထန်လေ့ကျင့်ခဲ့၍ ပန်းထိုးနည်း ၂၄ နည်းကိုလည်း တတ်မြောက်သွားပြီဖြစ်ကာ ယခုဆိုလျှင် သားရေအိတ်များပင် ပြုလုပ်နိုင်နေပြီဖြစ်၏။ တစ်ခါကသူသည် အော်ဒါမှာထားသော သီးသန့်ဝတ်စုံတစ်ခုပေါ်၌ မိမိစိတ်ကူးအတိုင်း တန်ဆာဆင်ပေးခဲ့ဖူးလေသည်။ ၎င်းကိုအော်ဒါမှာသူသည် သူ၏ဝတ်စုံနှင့်ပတ်သက်၍ အများအပြားချီးမွမ်းလာခဲ့သဖြင့် အန်ဒီသည် ချန်းကျင်း၌ ဒီဇိုင်းအမြင်နှင့်ပတ်သက်၍ အရည်အချင်းရှိကြောင်း သိရှိလိုက်ရပေ၏။ သူသည် စီးပွားရေးအမြင်ရှိသူဖြစ်သဖြင့် ချန်းကျင်းကို အဆင့်တစ်ဆင့်တိုးပေးလိုက်ကာ ရီလာ ဟူသော အမည်ဝှက်နှင့် သီးသန့်အော်ဒါများကို ပေးခဲ့လေသည်။ သို့သော် သိပ်မကြာခင်အချိန်၌ ဝယ်နေကျ ဖောက်သည်တစ်ယောက်သည် ချန်းကျင်းကို တွေ့ချင်ကြောင်း ဆိုလာခဲ့ရာ အန်ဒီသည် မစ္စရီလာသည်ကား အထက်တန်းစားမျိုးနွယ်မှ ဂုဏ်သရေရှိအမျိုးသမီးတစ်ဦးဖြစ်သဖြင့် လူအများနှင့်တွေ့ရန် အဆင်မပြေဟု ဆိုကာ အကြောင်းပြခဲ့ရပေတော့၏။

လူချမ်းသာတိုင်းက အထက်တန်းစားမျိုးနွယ် မဟုတ်ရပါပေ။ အထက်တန်းစားမျိုးနွယ် ဂုဏ်ပုဒ်ဟူသည်မှာ လူချမ်းသာများကပင် အားကျလိုချင်ရသည့် ဂုဏ်ပုဒ်မျိုးပင်။ ယခုမူ သူတို့သည် မိမိတို့၏အော်ဒါများကို ချုပ်လုပ်ပေးနေသည့်သူမှာ အထက်တန်းစားမျိုးနွယ် တစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသောအခါ ၎င်းတို့သည် မိမိကိုယ်ကို ဂုဏ်မယူဘဲ မနေနိုင်တော့ပါပေ။ ထို့ကြောင့် ရီလာ ဟူသော အမည်ဝှက်နှင့် ဒီဇိုင်းပညာရှင်ဆီသို့ လူချမ်းသာအများအပြားသည် အော်ဒါများအပ်လာကြလေ၏။ အန်ဒီသည်ကား ဈေးအဆမတန် တင်လေ့မရှိသည့်အပြင် အော်ဒါများကိုလည်း အကန့်အသတ်နှင့်သာ လက်ခံခြင်းဖြစ်သည်။ သူသည် တစ်လမှအော်ဒါတစ်ခုသာ လက်ခံသဖြင့် လူချမ်းသာ သခင်လေး၊သခင်မလေးများသည် အလွန်အခက်တွေ့ကြရပေ၏။ ယခုခေတ်အခါ ဂုဏ်သရေရှိ စားသောက်ပွဲများနှင့် ပါတီပွဲများတွင် မစ္စရီလာ၏လက်ရာကို ပိုင်ဆိုင်သောသူသည် လူအများ၏အနာလိုအားကျခြင်းကို ခံရသည်အထိ နာမည်ကြီးလာတော့လေ၏။

Application For Divorce  [ 离婚申请 ] Where stories live. Discover now