၈၄

13.1K 1.9K 126
                                    

Unicode

ပတ်ဝန်းကျင် အသစ်၊ အိမ်အသစ်

ချန်းကျင်းသည် ကားပေါ်မှ ကျန်သောလူများ၏ လုံခြုံရေးကို လွန်စွာမှ စိတ်ပူမိသည့်တိုင် တစ်ဖက်တွင်လည်း အဆိုးဆုံးအခြေအနေများအား တွေး၍ ကြောက်မိနေပြန်သေးသည်။ သို့ဖြစ်၍ ထာထာ့အား ကားဆီတစ်ဖန် ပြန်သွားစေကာ ခေါက်တုံ့ခေါက်ပြန် ကယ်စေရန်လည်း မလွှတ်လိုက်ချင်ပါပေ။ ထို့ကြောင့် သူသည် စစ်တပ်ဌာနမှ တာဝန်ရှိသူများသာ အချိန်မီ ရောက်လာပေး၍ ကျန်သောလူများကို ချောချောမွေ့မွေ့ ကယ်ပေးနိုင်ဖို့ ဆုတောင်းရန်သာ တတ်နိုင်တော့လေသည်။

သို့နှင့် အချိန်တစ်ခုမျှ ကြာပြီးနောက်တွင် သူတို့သည် ပျက်စီးယိုယွင်းနေသော ဘူတာရုံတစ်ခု၌ ရပ်ခဲ့ကြလေ၏။ လွန်းပြန်ယာဉ်လေးထဲမှ ထွက်လာပြီးမှသာ ချန်းကျင်းသည် တစ်ဖက်ယာဉ်ငယ်က မည်မျှအထိ သေးငယ်ကြောင်းကို နားလည်သွားရသည်။ ၎င်းစက်ကိရိယာလေးက မိမိတို့လေးဦးစလုံးအား ဤကဲ့သို့ ကျုံ့ထားနိုင်ခြင်းမှာ အမှန်တကယ်ကို အံ့ဩဖွယ်ကောင်းသော မှော်ပညာကဲ့သို့ ဖြစ်ရသည်ပင်။

၎င်းနောက် သူ ခံစားလိုက်ရသည့် အရာသည်ကား အအေးဒဏ်သာ ဖြစ်၏။ သာမန် အအေးဓာတ်မျိုး မဟုတ်ရပါဘဲ ကျောစိမ့်အောင် ချမ်းနေပါသော အေးစိမ့်မှုမျိုးသာ။

အင်ပါယာကမ္ဘာမှ ထွက်လာစဉ်အခါက ၎င်းမှာ ဆောင်းရာသီဖြစ်နေသောကြောင့် ချန်းကျင်း၏အဝတ်အစားများမှာ ပါးလျလျမဟုတ်ဘဲ ထူထဲရ၏။ သို့သော် ယခုအချိန်တွင်မူ သူ၏ကိုယ်ထည်လေးမှာ ဤလေအေးများကြောင့် အဝေးတစ်နေရာသို့ လွင့်ထွက်သွားမတတ်ပင် ဖြစ်နေရလေပြီ။ ထို့အပြင် သွားများပါ တဆတ်ဆတ်တုန်လာ၍ တစ်ကိုယ်လုံးလည်း ရေခဲမတတ် ဖြစ်သွားရသည်။ ထို့ကြောင့် ချန်းကျင်းသည် ကတုန်ကယင်နှင့်ပင် စကားစဆိုမိလေတော့၏။

"ဘာလို့...အဲ့ဒီလောက်တောင် အေးနေရတာလဲ?"

ချန်းရွှီက အဖြေပြုသည်။

"ဒီနေရာက မြောက်ဘက်ဆုံးအပိုင်းလေ။ အဆင့်နိမ့်ကမ္ဘာက အစကတည်းက နေနဲ့အဝေးဆုံးဖြစ်တဲ့ မြောက်ဆုံးအပိုင်းမှာ ရှိနေတာ။ တစ်နှစ်မှာ ရှစ်လလုံးလုံးက အရမ်းအေးတဲ့ ဆောင်းရာသီဖြစ်ပြီး ကျန်တဲ့လေးလကတော့ ပုံမှန်အအေးဓာတ်နဲ့ ဆောင်းရာသီတွေပေါ့"

Application For Divorce  [ 离婚申请 ] Where stories live. Discover now