၉၂

14.8K 2.1K 161
                                    

Unicode

မတော်တဆ ပြန်ပြောင်းအမှတ်ရမိသော
အကြင်သူ၏စကားတချို့

၎င်းက အနည်းငယ်တော့ ထူးဆန်းလှသည်ဟု ချန်းကျင်းထင်မိ၏။ အခုလေးတင် သူနှင့် စကားလက်ဆုံကျနေခဲ့သော စားပွဲထိုးလေးသည်ကား စားသောက်ဆိုင်ထဲသို့ ဝင်ကတည်းမှစ၍ ရုတ်တရက် အေးစက်သွားခဲ့ရသည်ပင်။ အစောပိုင်းက တက်တက်ကြွကြွ ရှိနေခဲ့သော လူမှာ သူမဟုတ်သည့်နှယ်။

အဆောက်အဦးတစ်ခုလုံး၏ အကောင်းဆုံးဟူသော စားသောက်ဆိုင်တွင် သူတို့သည် နေရာယူခဲ့ကြ၏။ ၎င်းနေရာ၏ ပတ်ဝန်းကျင်က အတော်လေး ကောင်းသည့်တိုင် အင်ပါယာကမ္ဘာကထက်တော့ မသာခဲ့ပါချေ။ ချန်းကျင်းသည် ထိုင်ခုံတစ်ခုံတွင် ဝင်ထိုင်လိုက်၍ အပြင်ဘက်မှ ရှုခင်းများကို ကြည့်ရာ အဝေးတစ်နေရာ၌ ကြီးမားသော ဘောလုံးသဏ္ဍာန်အဆောက်အဦးကြီးတစ်ခုအား မြင်လိုက်ရလေတော့သည်။

၎င်းဘောလုံး၏အတွင်းပိုင်းသည်ကား အလွန်တရာမှ လှပကာ နတ်သမီးပုံပြင်များထဲမှ ကျောက်မျက်အိမ်လေးဖြင့်ပင် တူနေရသေး၏။ အနည်းငယ် အလှမ်းဝေးနေရသောကြောင့် အတွင်းပိုင်းမှ ရှုခင်းပုံစံများကို မမြင်နိုင်ခဲ့ရာ ချန်းကျင်းသည် ရုတ်တရက် သိချင်စိတ်တို့ ပြင်းပြလာရပါသဖြင့် စားပွဲထိုးလေးအား မေးမြန်းရန် ဟန်ပြင်မိသည်။ သို့သော် အစောပိုင်းမှ စားပွဲထိုးလေးသည်ကား မီနူးစာရွက်များယူ၍ တစ်နေရာသို့ ထွက်သွားနှင့်ပြီးပြီပင်။

ထို့ကြောင့် သူသည် မိမိကိုယ်ကို အနည်းငယ်ပင် ရှက်ရွံ့သကဲ့သို့ ခံစားလိုက်ရလေ၏။ ထိုအချိန်တွင် တစ်ဖက်မှ လုထောင်က စကားဆိုလာပေသည်။

"မင်း တစ်ခုခု မေးချင်လို့လား"

လုထောင်က သူ၏အတွင်းစိတ်အား ယခုကဲ့သို့ ဖောက်မြင်နိုင်သောကြောင့် ချန်းကျင်းသည် အံ့အားသင့်သွားမိသည်။ သို့သော် တစ်ဆက်တည်းမှာပင် သူသည် ရုတ်ချည်း တည်ငြိမ်သွားရပြန်၏။ အကြောင်းမှာ မိမိကိုယ်တိုင်က ခံစားချက်အလုံးစုံအား မျက်နှာ၌ ဖော်ပြတတ်သော လူစားမျိုး ဖြစ်နေမှန်း သွားသတိရမိသောကြောင့်ပင်။

Application For Divorce  [ 离婚申请 ] Where stories live. Discover now