၈၅

13.1K 1.9K 82
                                    

Unicode

သေဆုံးသူစာရင်း

နေရာအသစ်၌ တစ်ပတ်ကြာမျှ နေထိုင်ခဲ့ပြီးနောက်ဆုံးတွင် ချန်းကျင်းသည်လည်း ဤနေရာမှ ရာသီဥတုအေးအေးနှင့် နေသားကျသွားခဲ့ရလေပြီ။

သူတို့မိသားစု ရထားသည့် အိမ်ရာသည်ကား ပရိဘောဂအပြည့်အစုံ ပါရှိသော သစ်သားနှစ်ထပ်အိမ်လေးတစ်လုံး ဖြစ်သည်။ ပထမအထပ်၌ ဧည့်ခန်းတစ်ခန်း၊ ထမင်းစားခန်းတစ်ခန်း၊ ဧည့်သည်များအတွက် အိပ်ခန်းတစ်ခန်းနှင့် စတိုခန်းတစ်ခု ရှိ၍ ဒုတိယထပ်တွင်မူ အိပ်ခန်းသုံးခန်း ပါရှိ၏။ ထို့ကြောင့် ချန်းသားအဖ သုံးယောက်စလုံးအတွက် ၎င်းအိမ်အသစ်က အပိုအလိုမရှိ အဆင်ပြေသည်ဟု ဆိုရမည်ပင်။

ထို့အပြင် အိမ်တည်ရှိရာ ခြံဝင်းလေးအတွင်းတွင်လည်း ရေပူစမ်းသေးသေးလေး တစ်ခုက ပါရှိသေးပြန်၏။ ၎င်းရေပူစမ်း၌ ပထမဆုံး ရေစိမ်မိချိန်တွင် ချန်းကျင်းသည် မိမိတစ်ကိုယ်လုံး အရေပျော်သွားမတတ် ဖြစ်စေသည်အထိ သက်သောင့်သက်သာဖြစ်သော ခံစားချက်ကို ခံစားခဲ့ရသည်။ ဆောင်းရာသီ၏ နှင်းဖွေးဖွေးများကြားတွင် ဤကဲ့သို့ ရေချိုးနေရသည့် ခံစားချက်မှာ အတော်လေး အံ့အားပျော်ရွှင်ဖွယ် ကောင်း၏။ အကယ်၍ အခါအခွင့်သင့်မည်ဆိုလျှင် သူသည် ဝိုင်လေးတစ်ခွက်ဖြင့်ပင် ရေပူစမ်းစိမ်ရင်း အနားယူချင်မိသေးလေသည်။

မည်သို့ပင်ဆိုစေကာမူ ရေပူစမ်းထဲမှ ထွက်လိုက်သည်နှင့်တစ်ပြိုင်နက် ဆိုးဝါးသော အအေးဒဏ်က တဖန်ပြန် လွှမ်းခြုံလာရပြန်၏။ အိမ်အတွင်း၌ အပူပေးစနစ် ရှိသော်လည်း ၎င်းက လုံလုံလောက်လောက် မပူလှပါချေ။ ထို့ကြောင့် တစ်အိမ်လုံး၏ ပျမ်းမျှအပူချိန်မှာ ၁၀ ဒီဂရီခန့်သာ အမြဲတမ်းနီးပါး တည်ရှိနေတတ်၍ ညအိပ်ရာဝင်သည့် အချိန်ထိတိုင် တဆတ်ဆတ်တုန်အောင် ချမ်းစိမ့်မှုကို ခံစားရစမြဲပင်။

ပုံမှန် အစားအစာ အရင်းအမြစ် မရှိသည့်အတွက် သူတို့သည် ဖြည့်စွက်စာစွပ်ပြုတ်ကိုသာ နေ့တိုင်း သောက်ရသည်။ ၎င်းစွပ်ပြုတ်တစ်ခွက်ဖြင့်ပင် လူတစ်ဦး၏ တစ်နေ့တာဘဝအတွက် လုံလောက်သည့်တိုင် ၎င်းအရသာက လွန်စွာမှ ရိုးစင်းကာ ပေါ့ရွှတ်နေသောကြောင့် ချန်းကျင်းအတွက်မူ မူလအစ၌ မျိုချရန်ပင် ခက်ခဲခဲ့ရ၏။ light screen လည်း မရှိတော့သဖြင့် အမျိုးမျိုးသော အနုပညာ တင်ဆက်မှုများကို ကြည့်နိုင်သည့် အခွင့်အရေးမှာလည်း ရပ်တန့်လို့သွားရလေပြီ။ ထို့အပြင် ဤကမ္ဘာ၌ အဝတ်အထည်ချုပ်ရန်အတွက် ကုန်ကြမ်းများလည်း မရှိသောကြောင့် စရောက်သည့် ပထမဆုံးအပတ်တွင် ချန်းကျင်းသည် ဘာလုပ်လို့ လုပ်ရမှန်းမသိဘဲ ပျင်းရိကာ တစ်ယောက်တည်း လမ်းပျောက်နေခဲ့ရပေတော့သည်။

Application For Divorce  [ 离婚申请 ] Where stories live. Discover now