၆၁ (side couple)

8.8K 1.2K 112
                                    

Unicode

စာချုပ်အသစ်

ရန်းချီက သူ့အားစိတ်ပူသောကြောင့် ယခုကဲသို့ ဒေါသထွက်နေမှန်း ချန်းရွှီနားလည်၏။ အကယ်၍ ရန်းချီသာ သလင်းကျောက်များ၏ နောက်ကြောင်းအား မသိခဲ့ပါလျှင် ၎င်းနှင့်ပတ်သက်၍ ထူးထူးခြားခြားလည်း သံသယဝင်နေမည်မဟုတ်။ ထိုသို့ဆိုလျှင် သူသည်လည်း မုသားအနည်းငယ်သုံး၍ အကြောင်းပြလို့ ရလိမ့်ဦးလေမည်။

ချန်းရွှီက ဂရုမစိုက်ဟန်ဖြင့် စကားဆို၏။

"အဲ့ဒါငါ့ကိစ္စပါ မင်းနဲ့မဆိုင်ဘူး"

သူသည် ပြောရင်းဆိုရင်း အိပ်ယာထက်တွင် သောင်တင်နေသော ပုတီးစေ့အချို့အား လက်တစ်ဖက်ဖြင့် ကောက်ယူလာခဲ့သည်။

သူ၏အလေးမထားသော အပြုအမူကြောင့် တစ်ဖက်မှလူငယ်လေးကမူ လွန်စွာမှ ဒေါသထွက်နေရလေပြီ။

"ဘာလို့ ကျွန်တော်နဲ့ မဆိုင်ရမှာလဲ။ အစ်ကိုရွှီ ..အစ်ကိုနဲ့ကျွန်တော်နဲ့က စာချုပ်ချုပ်ထားတာနော်။ နောက်ပြီး ဗီဒီယိုကလည်း ကျွန်တော့်လက်ထဲမှာ.. တစ်နည်းအားဖြင့်ပြောရရင် အခုအချိန်မှာ ကျွန်တော်က အစ်ကို့ရဲ့အလုပ်ရှင်ပဲ။ ဒါတောင် ကျွန်တော်နဲ့မဆိုင်ဘူးလို့ ပြောနေသေးတာလား?"

ရန်းချီက အပြုံးမမည်သော အပြုံးတစ်ပွင့်အား ပန်ဆင်လိုက်ရင်း စကားဆက်လာပြန်၏။

"အထူးသဖြင့် အစ်ကို့ရဲ့ညီလေးအတွက် အခုလိုမျိုး ကိုယ့်ကိုယ်စွန့်လွှတ်လိုက်တဲ့ အပြုအမူက ကျွန်တော့်ကို တကယ်ထိတ်လန့်သွားစေတယ်။ အာ ..တကယ်လို့ ချန်းကျင်းသာ ဒီအကြောင်းကိုသိရင် သူလည်း ကျွန်တော့်လိုပဲ ထိတ်လန့်သွားလောက်မှာနော်"

၎င်းနောက်ဆုံးစကားကြောင့် ချန်းရွှီသည် မသိစိတ်အလျောက် လက်သီးဆုပ်လိုက်မိ၍ မျက်ဝန်းများ ပြူးကျယ်သွားရသည်အထိ ထိတ်လန့်သွားရပေ၏။

"မင်းဘာကိုပြောချင်တာလဲ!?"

ချန်းရွှီ၏သွေးပျက်နေသော မျက်နှာအမူအရာကြောင့် ရန်းချီကမူ စိတ်ဝင်စားစရာ တစ်ခုခုတွေ့သွားဟန်ဖြင့် ပျော်ရွှင်လျက်။

Application For Divorce  [ 离婚申请 ] Where stories live. Discover now