၉၀

15.2K 2.2K 101
                                    

Unicode

အဖိုးတန် အသုံးအဆောင်ပစ္စည်းအား
ပြန်လည်ရရှိခြင်း

ခင်ပွန်းဖြစ်သူ၏စကားများကို ချန်းကျင်း ကောင်းစွာနားမလည်နိုင်ခဲ့ပါချေ။ ၎င်းစကားများ၏ အဓိပ္ပါယ်က မသိလျှင် လုထောင်က သူ့အပေါ်ခံစားချက်ရှိနေသည့်ပမာ။ လုထောင်က သူနှင့် ကွာရှင်းဖို့အတွက် မရည်ရွယ်ဘူးတဲ့လား။ ထိုသို့ဆိုလျှင် ဟိုးအရင်တစ်ခါက ပြောခဲ့ဖူးသော သူ့ကို တစ်နေရာရာ ခေါ်သွားစရာ ရှိသည်ဆိုသည်မှာ ပါတီပွဲတစ်ခုခုကိုများ အတူတက်ရောက်ဖို့ ဖြစ်နေမလား?

သို့သော် ၎င်းက မည်သို့မျှ မဖြစ်နိုင်ပါပေ။ ထို့အပြင် သူကိုယ်တိုင်သည်လည်း လုထောင်ထံ၌ သူ့အပေါ် စိတ်ဝင်စားမှုရှိနေကြောင်းကို သေးသေးလေးမျှ မခံစားနိုင်ခဲ့။ သို့နှင့် အဆုံးတွင် ချန်းကျင်းသည် ၎င်းအခြင်းအရာကို "လက်တုံ့ပြန်ခြင်း" သာဖြစ်လိမ့်မည်ဟု မှတ်ယူလိုက်ပေတော့သည်။

အတိတ်အခါ၌ အမှားများကို စိတ်တိုင်းကျ ကျူးလွန်ခဲ့ပြီးခါမှ ယခုနောက်ဆုံးအချိန်တွင် နှုတ်ဆက်စကားပင် မဆိုပါဘဲ ရှောင်ပြေးသွားသောကြောင့် လုထောင်က သူ့အပေါ် လက်တုံ့ပြန်လိုခြင်း ဖြစ်လိမ့်မည်။ ထို့အပြင် မိမိ၌ နောက်ထပ်အသစ်တစ်ယောက် ရှိနေကြောင်းကိုပါ သိသွားသဖြင့် လုထောင်သည် တမင်သက်သက် သူဆန္ဒရှိသည့်အတိုင်း မလုပ်နိုင်ရန် ရည်ရွယ်ကာ ထိုသို့ ရုတ်တရက် ပြန်ခေါ်သွားခြင်းလည်း ဖြစ်လိမ့်မည် မဟုတ်ပါလား။

လက်ရှိ၌ အနားတွင် အပြင်လူများ ရှိနေသေးသဖြင့် ချန်းကျင်းသည် ဘာဆိုဘာမျှ မမေးနိုင်ခဲ့ပါချေ။ ထို့ကြောင့် သူသည် သူ၏ထိုင်ခုံတွင်သာ ကျုံ့ကျုံ့ကလေး ထိုင်၍ မှန်ပြတင်းအပြင်ဘက်မှ ရှုခင်းများကို ကြည့်နေခဲ့လေသည်။ သို့နှင့် အချိန်အတန်ကြာပြီးနောက်တွင် ဖြူဖွေးဖွေး နေရာများကိုသာ မြင်နိုင်ခဲ့ခြင်း၏ကျေးဇူးကြောင့် သူကိုယ်တိုင်သည်လည်း ပျင်းရိလာရတော့၏။ ထိုအချိန်တွင် လုထောင်က ခလုတ်တစ်ခုကို ရုတ်တရက် နှိပ်လိုက်သဖြင့် မှန်ပြတင်းချပ်မှာလည်း တစ်ခုခုဖြင့် အဖုံးခံလိုက်ရကာ အဆုံး၌ ချန်းကျင်းသည် မိမိ၏ကိုယ်ပိုင်ပုံရိပ်ကိုသာ မြင်နိုင်ခဲ့လေတော့သည်။

Application For Divorce  [ 离婚申请 ] Where stories live. Discover now