၇၆

13.3K 2K 118
                                    

Unicode

အိမ်သို့ ပြန်လာရခြင်း၏နောက်ကွယ်မှ
အကြောင်းအရင်း

နွှေးထားပြီးဖြစ်သော ဖြည့်စွက်စာ စွပ်ပြုတ်သည်ကား မည်သူ တစ်ဦးတစ်ယောက်ဆီမှ ထိတွေ့မခံရပါဘဲ အဖော်မဲ့နေခဲ့ကာ အဆုံးသတ်၌ လုံးဝအေးစက်သွားရလေပြီ။ လုထောင်သည် ချန်းကျင်းပြင်ပေးထားသည့် ဟင်းလျာတိုင်းကိုသာ တူတစ်ချောင်းနှင့် တိတ်ဆိတ်စွာ စားသုံးနေခဲ့သည်။ သူ၏လှုပ်ရှားမှုများမှာ ညင်သာလှသဖြင့် ဆူညံသံ သေးသေးလေးမျှပင် ထွက်မလာခဲ့ပါချေ။ ထို့အပြင် သူသည် အစာစားနေစဉ်အတွင်း မည်သည့်စကားတစ်ခွန်းကိုမျှလည်း ဆိုမလာခဲ့သောကြောင့် သူတို့၏ညစာစားပွဲလေးမှာ တဖြည်းဖြည်း ခြောက်ကပ်သွားရလေတော့၏။

ချန်းကျင်းကမူ တစ်ဖက်လူက အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားမိသည်ပင်။ လုထောင်၏ပုံစံသည်ကား ညစာအေးအေးဆေးဆေး သုံးဆောင်ရန်အတွက် အိမ်သို့ တကူးတက ပြန်လာသည့်ပုံ ပေါက်နေသည် မဟုတ်ပါလား။ ထို့အပြင် ၎င်းမှာ စစ်တပ်ဌာနချုပ်၌ လုပ်ကြံသူနှင့်ပတ်သက်၍ ဂယက်ထနေသည့် အရေးကြီးကာလမျိုးတွင် ဖြစ်နေပြန်သေးသည်။ သူ့အနေဖြင့် လုထောင်က သူ၏ဟင်းချက်လက်ရာများအား စားသုံးပေးမည့် တစ်နေ့ကို အစဉ်အမြဲ ရောက်လာရန် မျှော်လင့်ခဲ့ဖူးသည့်တိုင် ယခုလက်ရှိမှသာ ၎င်းဆန္ဒက ရှားရှားပါပါး ပြည့်သွားရခြင်း ဖြစ်ပေ၏။ သို့သော် ချန်းကျင်းသည် တစ်ဖက်လူအား စားရအဆင်ပြေမပြေကြောင်းကိုပင် မေးမြန်းချင်စိတ် မရှိခဲ့ပါပေ။

မည်သို့ပင်ဆိုစေကာမူ လုထောင်ပြန်ဖြေလာမည့် အဖြေသည်ကား သူမကြားချင်သည့် အဖြေသာ ဖြစ်လိမ့်လေမည်။ ထို့အပြင် သူကြားချင်သည့် အဖြေကိုမူ စရိုက်ကွဲနှင့်ခင်ပွန်းဖြစ်သူဆီမှ ယခင်ကတည်းက အကြိမ်ပေါင်းများစွာ ကြားဖူးခဲ့ပြီးပြီ မဟုတ်ပါလား။

ဤကဲ့သို့ တိတ်တိတ်ဆိတ်ဆိတ်နှင့် ညစာစားသုံးပြီးသောအခါ ချန်းချန်းက ပန်းကန်ပြားများကို ဆေးကြောပေးလာ၏။ ထို့နောက် ချန်းကျင်းကလည်း သူ၏အေပရွန်အား ချွတ်၍ အလုပ်ခန်းထဲသို့ တဖန်ပြန်ဝင်ရန် ဟန်ပြင်လိုက်ချိန်တွင် လုထောင်က ရုတ်တရက် စကားဆိုလာခဲ့လေသည်။

Application For Divorce  [ 离婚申请 ] Where stories live. Discover now