14.9K 2.2K 25
                                    


Unicode

ပိုးလေးလိုအမွေးခံခဲ့ရသော သခင်လေးချန်း

ချန်းကျင်းက ခေါင်းငြိမ့်ပြသည်။

"လက်ထပ်ပြီးသွားပြီ"

လုထောင်က အလွန်ပျော်ရွှင်သွားဟန်ဖြင့် ထပ်မေးလာ၏။

"ဘယ်ကတည်းကလဲ"

"လွန်ခဲ့တဲ့ ၇ နှစ်ကတည်းက"

ချန်းကျင်းသည် မိမိတို့၏ မင်္ဂလာသက်တမ်းက ၇ နှစ်ထိ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ပြောပြရင်း စိတ်မသက်မသာဖြစ်လာရသည်။ တစ်ဖက်မှလုထောင်ကမူ အံ့အားသင့်သွားလေ၏။

"အဲ့ဒီလောက်တောင် ကြာပြီလား!? ဒါပေမဲ့ မင်းကိုကြည့်ရတာ အရမ်းငယ်သေးတဲ့ပုံပဲ"

"၁၈ နှစ်"

ချန်းကျင်းက တိုးညှင်းစွာ ပြန်ဖြေသည်။

"ကျွန်တော် အသက် ၁၈ နှစ်တုန်းက ခင်ဗျားကိုလက်ထပ်ခဲ့တာ"

လုထောင်ကိုယ်တိုင် သူ့လက်တွဲဖော်အဖြစ် လက်ခံလာရန်အတွက် ချန်းကျင်းသည် တွန်းအားပေးသည့် နည်းလမ်းမျိုးစုံကို သုံးခဲ့ဖူးပေ၏။ သူတို့၏လက်ထပ်လျှောက်လွှာ အဆိုတင်သွင်းသည့်အချိန်ကို သူပြန်အမှတ်ရမိလာသည်။ ထိုအချိန်က ဥပဒေအရ စုံတွဲဓာတ်ပုံရိုက်ဖို့ လိုအပ်သဖြင့် နှစ်ယောက်သားသည် ကင်မရာရှေ့၌ အတူတူရပ်ခဲ့ကြဖူး၏။ တစ်ယောက်က မာနကြီးတတ်ပြီး အလွန်ပျော်ရွှင်သည့်ပုံ ပေါက်နေချိန် ကျန်တစ်ယောက်ကမူ တစ်ဖက်နှင့် လုံးဝကွဲပြားနေခဲ့သည်ပင်။ ၎င်းမင်္ဂလာဓာတ်ပုံကို အမှတ်တမဲ့ကြည့်လိုက်ပါက အလွန်လိုက်ဖက်သော မောင်နှံစုံတွဲကို မြင်နိုင်ပေလိမ့်မည်။ သို့သော် ၎င်း၏နောက်ကွယ်မှ ခါးသီးသောအမှန်တရားကိုမူ မည်သူမှ ကြိုမရိပ်မိနိုင်ခဲ့ပါပေ။

"၁၈ နှစ်တုန်းက ကိုယ့်ကိုလက်ထပ်ခဲ့တယ် ဟုတ်လား!? ဒါဆို ကိုယ်ကရော အခုအသက်ဘယ်လောက်ရှိပြီလဲ"

"၂၉ နှစ်ရှိပြီ။ ပြီးတော့ ခင်ဗျားက ဒီကမ္ဘာမှာ အသက် အငယ်ဆုံးဗိုလ်ချုပ်ပဲ"

ဤစကြာဝဠာတွင်ကား စုစုပေါင်း ဗိုလ်ချုပ် အယောက် ၃၀ ရှိလေသည်။ ယခုသူတို့နေထိုင်ရာ ကမ္ဘာတွင်မူ ၅ ယောက်ရှိ၍ လုထောင်က ၎င်းတို့ထဲမှ တစ်ယောက်ဖြစ်ပေ၏။ ငယ်ငယ်ရွယ်ရွယ်နှင့် ထိုကဲ့သို့ အမြင့်တစ်နေရာထိ ရောက်နိုင်ခဲ့ခြင်းမှာ သူ၏ထူးချွန်လှသော စစ်မက်စွမ်းရည်တို့ကြောင့် ဖြစ်သည်ပင်။

Application For Divorce  [ 离婚申请 ] Where stories live. Discover now