၄၃

12.5K 1.7K 36
                                    

Unicode

အကြင်သူနှင့် ခရီးတစ်ခေါက်

"စုစုပေါင်း အဆိပ်ရည်ရဲ့ ၆၂ ရာခိုင်နှုန်းက အပြီးတိုင် ဖယ်ရှားပြီးပါပြီ။ သုတေသနလုပ်တာတွေလည်း အဆင်ပြေတယ် အရေးကြီးတဲ့ ကျန်းမာရေး လက္ခဏာတွေလည်း အားလုံးပုံမှန်ပါပဲ။ ဒီပုံအတိုင်းဆို အရင်က ခန့်မှန်းထားတဲ့အတိုင်း ဒီသုံးလအတွင်း ကျန်တဲ့အဆိပ်ရည်တွေလည်း အပြည့်ပဝပျောက်ကင်း သွားတော့မှာပါ"

၎င်းမှာ လုထောင်က သုတေသနခန်းအတွင်းမှ ထွက်လာပြီးနောက်တွင် ဒေါက်တာဂယ်လ်ဆင်က ဝမ်းမြောက်စွာဖြင့် ပြောပြလာခြင်းဖြစ်လေ၏။

"ဂုဏ်ယူပါတယ် ဗိုလ်ချုပ်။ ရာနှုန်းပြည့် ပြန်ကောင်းနိုင်ဖို့ ခြေတစ်လှမ်းနီးစပ်လာပါပြီ"

ဒေါက်တာဂယ်လ်ဆင်၏ မျက်ဝန်းများသည်ကား ရိုးသားမှု အပြည့်။ သို့သော် လုထောင်ကမူ တစ်ဖက်လူအား ဟန်ဆောင်၍ပင် ပြုံးမပြနိုင်ခဲ့ပါချေ။

ဤစရိုက်ကွဲမှာ အဆိပ်ရည်ကြောင့် မူရင်းစရိုက်ဆီမှ သက်ဆင်းလာရပါသော အကျိုးဆက်ဖြစ်သည့်တိုင် မိမိတို့နှစ်ယောက်မှာ အလုံးစုံ တူညီခြင်းရှိမနေခဲ့။ ၎င်းအခြေအနေအား စိတ်ရောဂါ ဟု သမုတ်လို့မရသော်ငြား တစ်နည်းတစ်ဖုံအားဖြင့် မူမမှန်မှု(ရောဂါ)တစ်မျိုးကဲ့သို့ ဖြစ်နေရသည် မဟုတ်ပါလား။ ထို့ကြောင့် ယခုလက်ရှိ စရိုက်ကွဲနှင့် သူက ပျောက်ကွယ်သွားရမည့်ဖြစ်ရပ်ကို မည်သူတစ်ဦးတစ်ယောက်ကမျှ ဝမ်းနည်းမနေခြင်း ဖြစ်ပါလိမ့်မည်။

သူသည်ကား နောက်မှပေါ်ပေါက်လာရသော စရိုက်ကွဲတစ်ခုဖြစ်သောကြောင့် ဒုတိယလူသဘောမျိုး ဖြစ်ရရုံသာမက နောက်လအနည်းငယ် ကြာပြီးနောက်တွင်လည်း သူ၏ယခုမှတ်ဉာဏ်များက ပျောက်ပျက်သွားရဦးမည်ပင်။ ၎င်းအကြောင်းများအား တွေးလေ လုထောင်မှာ ပို၍ စိတ်မသက်မသာလေ ဖြစ်ရ၏။

သူနှင့် ဒေါက်တာဂယ်လ်ဆင်သည် သုတေသနခန်းအပြင်သို့ အတူတူလမ်းလျှောက်ထွက်လာခဲ့၍ ရရှိပြီးသော ဒေတာအချက်အလက်များအား ဒေါက်တာထျန်ချီဆီသို့ လွှဲပေးလိုက်လေ၏။ ဒေါက်တာထျန်သည်ကား ယခုရက်ပိုင်းအတွင်း အိပ်လိုက်စားလိုက် ၊ Zerg ၏အဆိပ်ရည်နှင့် သမန်းဝံပုလွေများ၏ ထိခိုက်မှုရန်မှ လူသားများအား ကာကွယ်နိုင်မည့် ကာကွယ်ဆေးအား တီထွင်ရန် ကြိုးစားလိုက်နှင့် အလုပ်ရှုပ်နေခြင်း ဖြစ်၏။

Application For Divorce  [ 离婚申请 ] Where stories live. Discover now