3

21.5K 3K 43
                                    

Unicode

“ဘယ်သူလဲ..?”

အတက်မကျမရှိတဲ့ အေးစက်စက် ထိုအသံက လူသားတွေရဲ့နှလုံးသားကို တိုက်ရိုက်တိုက်ခိုက်နေသလိုမျိုး ကြားရသူတိုင်းကို အအေးဓာတ်ကြောင့် တုန်ယင်သွားစေတယ်။ သူ့ရဲ့အကြည့်က အေးစက်နေပြီး အနည်းငယ် မရေရာဟန်ပေါ်နေပေမယ့် သူ့ဆီက ထွက်လာတဲ့ ဂုဏ်အသရေ၊ စွမ်းအင်အရှိန်အဝါက လူတိုင်းအပေါ် ဖိအားပေးကာ လွှမ်းမိုးနိုင်စွမ်း ရှိလေတယ်။

တစ်ဖက်လူဆီက ပြင်းထန်တဲ့ အရှိန်အဝါကြောင့် ရွှယ်ယို့ရှန်းမှာ တုန်လှုပ်သွားပြီး သူ့ကိုယ်သူ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားခဲ့တယ်။ သူ့ဘက်ကို တဖြည်းဖြည်း လှည့်လာတဲ့ ထိုသူကိုသာ မလှုပ်မယှက် ငေးကြည့်နေခဲ့မိတယ်။

သွေးဆာနေတဲ့ အရှိန်အဝါနဲ့ ထိုသူက အရမ်းကို ချောမောခန့်ညားနေလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ အရမ်းအရမ်းကို ချောမောခန့်ညားလွန်းပြီး သူ့ဆီက ထွက်လာတဲ့ မျက်စိကျိန်းစပ်ဖွယ် အရှိန်အဝါတွေက ရွှယ်ယို့ရှန်းကို အိပ်မက်မက်နေသလားတောင် ထင်မှတ်သွားစေခဲ့တယ်။

ထိုသူက တောက်ပတဲ့ ရွှေရောင်ဆံနွယ်တွေကို ဦးခေါင်းပေါ်မှာ ခပ်မြင့်မြင့်စည်းနှောင်ပြီး အနောက်ဘက်ကို ချထားတယ်။ တိုးထွက်လာတဲ့ အရှိန်အဝါတွေနဲ့အတူ သွေးဆာနေတဲ့ အော်ရာ။ ထို့အပြင် မာန်မာနထောင်လွှားခြင်းနှင့် ဂုဏ်အသရေ ကြီးမြတ်ခြင်းတို့ ရောနှောပါဝင်နေတဲ့ ထိုလူသားက ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို ထိန်းချုပ်ထားတဲ့ သေမင်းနတ်ဘုရားတစ်ပါးအသွင် ဆောင်လို့နေတယ်။

ပြီးပြည့်စုံနေတဲ့ မျက်နှာသွင်​ပြင်က နတ်ဘုရားတွေ ထုဆစ်ထားသလိုပါပဲ။ သို့သော်ငြား ရေခဲအစိုင်အခဲကြီးကို အသုံးပြုထားသလား ထင်မှတ်ရအောင် သွေးအေးရက်စက်လွန်းတယ်။ ရေခဲသွားလို အေးစက်နေတဲ့ အရှိန်အဝါက လူတိုင်းကို ဦးခေါင်းကနေ ခြေဖျားအထိ တောင့်ခဲသွားစေတယ်။ သွေးပင်လယ်ကို နောက်ခံထားတဲ့ ထိုလူသားက နတ်ဆိုးတစ်ပါး၊ သို့မဟုတ် နတ်ဘုရားတစ်ပါးအလားပဲ။

အကြည့်လေးတစ်ချက်နဲ့တင် ရွှယ်ယို့ရှန်းရဲ့နှလုံးသားထဲ ကြီးမားတဲ့ အကြောက်တရားတစ်ခု ပေါက်ဖွားလာရတယ်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး တသိမ့်သိမ့် တုန်ယင်လာပြီး ခွေကျမသွားအောင် အံတင်းတင်းကြိတ်ကာ တင်းခံထားရလေတယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now