25

11.2K 2K 77
                                    

Unicode

“ဗိုက်ဆာရင်လည်း တစ်ခုခုစားဖို့ လုပ်တော့လေ..”

ရင်းဆုယဲ့ ပြောလိုက်မှ ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့ ရွှယ်ယို့ရှန်းလည်း စိတ်သက်သာရာရသွားပြီး ချက်ချင်း အားမာန်အပြည့် ဖြစ်သွားခဲ့တယ်။ ရင်းဆုယဲ့ရဲ့ လက်ချောင်းပေါ်က သိုလှောင်လက်စွပ်ကို မမှိတ်မသုန် ငေးကြည့်ရင်း အစားအသောက်တွေ အမြန်ထုတ်ဖို့ အသံတိတ် တိုက်တွန်းနေခဲ့တယ်။

“ကောင်းပြီ..”

ရင်းဆုယဲ့က သိုလှောင်လက်စွပ်ထဲမှ မန်ထို(ပေါက်စီ)သေးသေးလေး တစ်လုံးကို ထုတ်ယူလိုက်တယ်။

“ထပ်ရှိသေးလား..?”

အတော်ကြာတဲ့အထိ ရင်းဆုယဲ့က တခြားအစားအသောက်တွေ ထပ်ပြီးထုတ်ယူလာတာမျိုး မရှိတာကြောင့် ရွှယ်ယို့ရှန်းရဲ့ စိတ်ထဲ မကောင်းတဲ့ ခံစားချက်တချို့ ရလိုက်တယ်။

“မရှိတော့ဘူး..”

ရင်းဆုယဲ့ရဲ့ မျက်နှာထားက မာကျောနေတုန်းပဲ၊ ဒါပေမဲ့ တစ်ခဏလေးအတွင်း ပြောင်းလဲသွားတဲ့ အရိပ်မယောင်ကို ဘယ်သူမှ သတိမထားမိလိုက်ဘူး။

“မရှိတော့ဘူးလား?”

ရွှယ်ယို့ရှန်းခမျာ ရင်းဆုယဲ့ရဲ့ လက်ထဲက မန်ထိုကိုလည်း သွားမလုရဲဘူး။ ဒါပေမဲ့ သူ့ရဲ့ အတွေးတစ်ခုလုံး တစ်လုံးတည်းရှိတဲ့ မန်ထိုအကြောင်းနဲ့ပဲ ပြည့်နှက်နေလေပြီ။

မန်ထိုလေးက ကြည့်ရတာတော့ ဖြူဖွေးအိစက်နေတာပဲ။ ဒါပေမဲ့ အရသာမရှိတဲ့ မန်ထိုပါပဲလေ..!

“အင်း..”

ရင်းဆုယဲ့က ထပ်မံအတည်ပြုလိုက်တယ်။ ထို့နောက် တစ်ခဏတွေးတောဟန်ပြုပြီး တစ်လုံးတည်းသော မန်ထိုလေးကို ရွှယ်ယို့ရှန်းထံ ကမ်းပေးလာခဲ့တယ်။ ရွှယ်ယို့ရှန်းကို မင်းစားသင့်တယ်ဆိုတဲ့ အမူအရာမျိုးနဲ့ပေါ့။

“…………”

မန်ထိုလုံးလေးကို လက်ဝယ်ပိုင်ဆိုင်လိုက်ရတော့ ရွှယ်ယို့ရှန်းမှာ ငိုချင်လာခဲ့တယ်။

အစားအသောက်မရှိဘဲ ဘယ်လိုလုပ် အသက်ရှင်နိုင်မှာလဲ..? ပြီးတော့ ရင်းဆုယဲ့က သူ့မှာရှိတဲ့ တစ်ခုတည်းသော အစားအသောက်ကို ပေးလာတဲ့အချိန် လက်သင့်မခံချင်တဲ့ သူ့နှလုံးသားထဲက ခံစားချက်ကြီးက ဘာကြီးလဲ..?

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now