14

12.6K 2.1K 75
                                    

Unicode

ရွှယ်ယို့ရှန်း မေ့လဲသွားတဲ့အခိုက် ကျောက်နံရံကိုမှီကာ မလှုပ်မယှက် ထိုင်နေခဲ့တဲ့ ရင်းဆုယဲ့က ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး ရွှယ်ယို့ရှန်းကို ထိန်းထားပေးခဲ့တယ်။ သူ့ဒဏ်ရာတွေက အကုန်လုံး ပြန်မကောင်းသေးပေမယ့် တော်တော်များများ သက်သာသွားတာကြောင့် အလွယ်တကူ လှုပ်ရှားနိုင်ပြီဖြစ်တယ်။

မေ့လဲကျသွားတဲ့ ကောင်ငယ်လေးကို ငုံ့ကြည့်လိုက်ရင်း ရင်းဆုယဲ့ရဲ့ အရောင်ကွဲမျက်ဝန်းအစုံထဲမှာ စိတ်ခံစားချက်မျိုးစုံ ထင်ဟပ်လာခဲ့တော့တယ်။

သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့ရင်ခွင်ထဲက ကောင်လေးရဲ့ လည်ပင်းကို ထိကြည့်လိုက်တယ်။ ကံအားလျော်စွာပဲ ကောင်လေးက ဝိဉာဉ်စွမ်းအား ကုန်ခမ်းသွားတာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားရုံပဲ။ မန္တန်အစီအရင်ရဲ့ တန်ပြန်သက်ရောက်မှု မဟုတ်ခဲ့ဘူး။ ခဏလောက် အနားယူပြီးတာနဲ့ ပြန်ကောင်းလာလိမ့်မယ်။

သို့ပေမယ့် ရွှယ်ယို့ရှန်းရဲ့ ကျန်းမာရေးကို အတည်ပြုပြီးတာတောင် သူ့ရဲ့လက်ကို ကောင်လေးရဲ့ လည်ပင်းပေါ်က ပြန်မရုတ်နိုင်ခဲ့ဘူး။ အနည်းငယ် ချီတုံချတုံ ဖြစ်နေပြီး လက်တင်လိုက်တာနဲ့ အရေပြားအောက်မှာ ဖုံးကွယ်နေတဲ့ သွေးကြောတွေထဲက ပူနွေးတဲ့သွေးတွေ ဖြည်းဖြည်းချင်း စီးဆင်းနေတာကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရတာကြောင့် ကြမ်းတမ်းရက်စက်လှတဲ့ သွေးဆာလောင်မှုက ရင်းဆုယဲ့ရဲ့ မျက်ဝန်းတွေထဲမှာ ထင်ဟပ်လာခဲ့တယ်။ အမှောင်ထုတစ်ခု သူ့ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာခဲ့တော့တယ်။

ဒီအနေအထားကို သူကြိုက်တယ်။ နည်းနည်းလေး အားစိုက်လိုက်တာနဲ့ တစ်စုံတစ်ယောက်ရဲ့ အသက်ကို လွယ်လင့်တကူ နှုတ်ယူနိုင်ပြီ။ ဒီခံစားချက်… လူတစ်ယောက်ရဲ့ အသက်ကို ကိုယ့်လက်ထဲမှာ ထိန်းချုပ်ထားနိုင်တဲ့ ခံစားချက်က တကယ့်ကို စွဲမက်ဖွယ်ရာပဲ။ သူ လက်မလွှတ်ချင်တော့ဘူး။ ပြီးတော့ လွတ်ထွက်သွားမှာကိုလည်း မလိုလားဘူး..!

အတော်ကြာအောင် အတွေးလွန်နေခဲ့ပြီးနောက် ရင်းဆုယဲ့က သူ့စိတ်ကို ပြန်ထိန်းချုပ်နိုင်ခဲ့တယ်။ သွေးနီရောင်မျက်ဝန်းတွေက ဖြည်းဖြည်းချင်း ပြန်လည်မှိန်ဖျော့သွားပြီး သူ့ခန္ဓာကိုယ်ထဲက အမှောင်ထုလည်း ပျောက်ကွယ်သွားခဲ့တယ်။ သို့သော်ငြား ရွှယ်ယို့ရှန်းကို ကြည့်နေတဲ့ သူ့ရဲ့အကြည့်က မတည်ငြိမ်သေးဘူး။ ပိုပြီးတောင် ရှုပ်ထွေးလာခဲ့တယ်။ သူ့ရဲ့အကြည့်က ပိုမိုစူးရဲလာပြီး ကြောက်မက်ဖွယ် ဖြစ်လာခဲ့တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now