41

9.9K 1.9K 65
                                    

Unicode

“ပြောကြည့်.. ဒီပါရှားကြောင်က ကျွန်တော့်ကို ဘာလို့တိုက်ခိုက်ချင်နေတာလဲ..?”

ဘာကောင်လဲဆိုတာ သိပြီးပြီဆိုပေမယ့် ဘာလို့ စောစောစီးစီး ပေါ်ထွက်လာပြီး သူ့ကို ချောင်းတိုက်ရသလဲဆိုတာ ရွှယ်ယို့ရှန်း ခုထိ နားမလည်နိုင်သေးဘူး။ ပါရှားကြောင်ကို ဒီဘက်ကမ္ဘာမှာလည်း ပါရှားကြောင်လို့ပဲ ခေါ်ကြတယ်။ တကယ်တော့ သူ့ဝတ္ထုထဲက ဝိဉာဉ်သားရဲတွေရဲ့ နာမည်ကို အထူးတလည် ရေးသားဖွဲ့နွဲ့ဖို့ ပျင်းရိနေခဲ့လို့ပဲ။ ဇာတ်ကြောင်းကို အမြန်ရှေ့ဆက်ချင်နေတော့ ကမ္ဘာအစစ်က ပါရှားကြောင်ဆိုတဲ့ နာမည်ကိုပဲ ပေးပစ်လိုက်တယ်။

“ပွင့်ဖတ်ကိုးလွှာ ကျောက်စိမ်းကြာပန်းကြောင့်များလား..?”

ရင်းဆုယဲ့က သူ့ရဲ့ထင်မြင်ချက်ကို မရေမရာ ပြောလိုက်တယ်။

“ဖြစ်နိုင်တယ်..”

ငုံ့ကြည့်လိုက်တော့ သူ့လက်ထဲက ကြာပန်းလေးက သူဆုပ်ကိုင်ထားမိလို့ ပုံပျက်လုဆဲဆဲတောင် ဖြစ်နေချေပြီ။ အဲ့တာကြောင့် ချက်ချင်း ခပ်ဖွဖွလေး ပြန်ပြောင်းကိုင်လိုက်တယ်။ အစောပိုင်းက ချောင်းတိုက်ခံခဲ့ရတာကို အာရုံစိုက်နေခဲ့တော့ သူ့လက်ထဲက ကြာပန်းလေးကို မေ့လျော့နေခဲ့တယ်။ ကြာပန်းခမျာ သူ့လက်ထဲမှာ ဘဝပျက်တော့မလို့ပဲ။

ကြည့်ရတာ ပါရှားကြောင်က သူ့လက်ထဲမှာ ပွင့်ဖတ်ကိုးလွှာ ကျောက်စိမ်းကြာပန်းရှိနေလို့ သူ့ကို တိုက်ခိုက်ခဲ့တာပဲ ဖြစ်ရမယ်။ အခုမှ ကြောင်ရဲ့အကြည့်ကို သေချာအာရုံစိုက်မိတော့တယ်။ ဒီကြောင်က တစ်ချိန်လုံး ကြာပန်းကိုပဲ စိုက်ကြည့်နေတာဟ..! သူ့ကို ကြည့်နေတာမှမဟုတ်တာ။

သူ့ဝတ္ထုထဲက ပါရှားကြောင်က ဒီလိုချစ်စရာကောင်းယောင်ဆောင်ပြီး မူရာမာယာများတတ်တဲ့ အကောင်မျိုး မဟုတ်ပါဘူး။ ရတနာတွေရှာဖွေနိုင်တဲ့ စွမ်းရည်မျိုး ထည့်ရေးထားခဲ့တာ။ ပြောရမယ်ဆိုရင် ပါရှားကြောင်ဆိုတာ ရတနာရှာဖွေစက်ပဲ။

ရွှယ်ယို့ရှန်းက ကြော်ငြာစာသားတောင် စဉ်းစားခဲ့ဖူးတယ်။

**ပါရှားကြောင်ကို လိုချင်ပါသလား..? အပြင်တစ်ခါထွက်တိုင်း ရတနာတွေရှိတဲ့ နေရာကို တန်းရောက်သွားမှာနော်။ သူများအောက် နောက်ကောက်ကျပြီး ရတနာတွေ ရှာမတွေ့မှာကို လုံးဝစိတ်ပူနေစရာ မလိုတော့ပါဘူး**

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now