56

8.8K 1.6K 52
                                    

Unicode

“ရပ်လိုက်..”

ဟော်ရူယန်နဲ့ အဖြူရောင်လူငယ်တို့ စတင်တိုက်ခိုက်ရန် ဟန်ပြင်လိုက်တဲ့အချိန် ရွှယ်ယို့ရှန်းလည်း ဘာမှမစဉ်းစားဘဲ ထအော်လိုက်တော့တယ်။ ရင်းဆုယဲ့က မကူညီချင်မှတော့ သူကိုယ်တိုင် လုပ်မှဖြစ်တော့မှာပေါ့။

သူတို့နှစ်ယောက်သာ တကယ်တိုက်ခိုက်ကြရင် သူ့ရဲ့ လက်ရှိခန္ဓာကိုယ်သေးသေးလေးက သူတို့ကို ရပ်တန့်နိုင်မှာမဟုတ်ဘူး။ အဲ့တာကြောင့် အမြော်အမြင်ရှိရှိ ဆုံးဖြတ်လိုက်တယ်။ သူတို့ မတိုက်ခိုက်ရသေးခင် ကြိုတားထားမှဖြစ်မယ်။ ဒီလိုမှမဟုတ်ရင် တိုက်ရည်ခိုက်ရည်မရှိတဲ့ သူက ရန်ဖြစ်နေတဲ့ လူနှစ်ယောက်ကိုတားရင်း ကျိန်းသေပေါက် ဒဏ်ရာရလိမ့်မယ်။

ရွှယ်ယို့ရှန်းရဲ့ အကြံက ကောင်းပါတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းမိုးလိုက်သလိုပဲ။ ဒါပေမဲ့ သူမေ့နေတာ တစ်ခုရှိတယ်။ တစ်ဖက်လူက သူ့ရဲ့စကားကို နားထောင်ချင်မှာ နားထောင်မှာလေ။

ရွှယ်ယို့ရှန်းရဲ့အော်သံက ယုံကြည်ချက်ရှိရှိ ပေါ်ထွက်လာတာကြောင့် တည်းခိုဆောင်ထဲမှာရှိနေတဲ့ လူအားလုံး အမူအရာအမျိုးမျိုးနဲ့ တုံ့ပြန်လာကြလေတယ်။ တချို့က ပြဿနာထဲ ဝင်ပါမိမှာစိုးပြီး ကြောက်လန့်တကြားနဲ့ ထွက်ပြေးသွားကြတယ်။ တချို့ကတော့ စပ်စပ်စုစု မော့ကြည့်လာကြတယ်။ တချို့က သူ့ကို လျစ်လျူရှုထားပြီး တချို့ကတော့ နားမလည်နိုင်သလိုမျိုး ကြည့်နေကြပြန်တယ်။ တချို့ဆို ရန်ပွဲကြည့်ဖို့တောင် စိတ်ဝင်စားလာကြပြီ။

သနားစရာကောင်းတာက ချစ်စရာကောင်းအောင် နူးညံ့ညင်သာတဲ့ အသံလေးက အန္တရာယ်အငွေ့အသက် လုံးဝမရှိလေတော့ ရွှယ်ယို့ရှန်းရဲ့ စကားကို တစ်ယောက်မှ အတည်မထင်ကြဘူး။ သူ့ရဲ့ အော်သံကြောင့် လူတိုင်း တုံ့ပြန်လာလိမ့်မယ်လို့ ထင်ထားခဲ့ပေမယ့် အဲ့လူတိုင်းက သူ့ကို စိတ်ကောက်နေတဲ့ ကလေးတစ်ယောက်လို သဘောထားပြီး လျစ်လျူရှုသွားမယ်လို့ ရွှယ်ယို့ရှန်းခမျာ မထင်ထားခဲ့ဘူး။

လူတွေရဲ့ ‘ဂရုစိုက်စရာမလိုဘူး’ ဆိုတဲ့ အပြုအမူကို အူကြောင်ကြောင် ငေးကြည့်နေမိရင်း ရွှယ်ယို့ရှန်းမှာ စိတ်ဓာတ်ကျလာခဲ့တယ်။ လူတွေရဲ့ တုံ့ပြန်မှုက သူစိတ်ကူးထားတာနဲ့ ဘာလို့ အရမ်းကွာခြားနေရတာလဲဟင်..?

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now