🌡အကောင်ငယ်လေး ဖျားလေပြီ🌡/🌡အေကာင္ငယ္ေလး ဖ်ားေလၿပီ🌡

2.4K 565 11
                                    

(Unicode)

အက်ဂါက အကောင်ငယ်လေးအား ဗလာသက်သက်စိုက်ကြည့်နေမိပြီး သူဘာလုပ်သင့်သည်ကိုပင် မသိတော့ချေ။ တစ်ချိန်တည်းမှာပင် သူ့ဂူဆီပြန်လာခြင်းအပေါ် အနည်းငယ်နောင်တရသွားရ၏။

သူက အာရုံတက်ချိန်လေးတွင် ရှုရှု၏ဂူထဲမှနိုးလာခဲ့ပြီး သားရဲတစ်ပိုင်းလူသားလေးအား မတွေ့ခဲ့ရပေ။ ထို့နောက် တစ်ညလုံးအနားယူအိပ်စက်ထားသောကြောင့် သူ၏တစ်ကိုယ်လုံး သက်တောင့်သက်သာဖြစ်နေသည်ကိုခံစားခဲ့ရလေသည်။

မနေ့ညက သူကောင်းကောင်းအိပ်ပျော်ခဲ့ရပြီး အခုရက်ပိုင်းအတွင်း သက်တောင့်သက်သာအဖြစ်ဆုံး အိပ်မောကျမိခြင်းဖြစ်၏။ သူက ရေမြွေမဟုတ်၍ စိုစွတ်ပြီးအေးတိအေးစက် ပတ်ဝန်းကျင်ကို သဘောမကျပေ။ ထို့ကြောင့်အက်ဂါက ဂူဆီပြန်ကာ သူ့ကိုယ်ပိုင်ပစ္စည်းများကို ထုပ်ပိုးပြီးသားရဲတစ်ပိုင်းလူသားလေး၏ဂူထဲတွင် အခြေချရန်စဥ်းစားထား၏။

အဆုံးတွင်တော့... သူမတွေ့ခဲ့သည့် အကောင်ငယ်လေးက သူ၏ဂူထဲရောက်နေသည့်အပြင် ပစ္စည်းများဖွက်သည့်တွင်းလေးကိုပါ လှန်လှောကြည့်ထားပြီးနေပြီ ဖြစ်၏။

သားရဲတစ်ပိုင်းလူသားလေးက သူ့ကိုတစ်မျိုးတွေးနေတော့လေမလား။

ယခုအသက်အရွယ်အထိ အက်ဂါယခုလိုအဖြစ်မျိုး မကြုံဖူးခဲ့ချေ။ သူက ကျင်းကြီးတူးကာ တစ်ကိုယ်လုံးခွေပြီး ပုန်းလိုက်ချင်တော့၏။

ယခု သူ့ထံတွင် ခြေလက်များ မရှိသည့်အတွက် တွင်းတူးခြင်းမှာ မဖြစ်နိုင်ပေ။ အက်ဂါက ရှုရှုအား စိုက်သာကြည့်နေမိတော့၏။

ရှုရှုမှာ အက်ဂါသူ့အားစိုက်ကြည့်နေသည်ကို မြင်သွားပြီးနောက် ဂုဏ်ဆာနေသည့်ရုပ်ကလေးမှာ ပျောက်သွားပြီး စိတ်များရှုပ်ထွေးသွားရ၏။ မြွေကြီးက အရမ်းကြောက်ဖို့ကောင်းတာပဲ...အားးး

  "ကျွန်တော် တမင်သက်သက် လုပ်တာမဟုတ်ပါဘူးးးတကယ်....တကယ်ကို တမင်သက်သက် မွှေနေတာမဟုတ်ပါဘူး....တောင်းပန်ပါတယ်...... " ရှုရှုက တရစပ်တောင်းပန်စကားဆိုတော့၏။ မြွေကြီးက သူတောင်းပန်နေသည်ကိုပင် မျက်လုံးစိမ်းကြီးဖြင့်စိုက်ကြည့်နေ၍ ရှုရှုမှာ မျက်ရည်များကျလာသလို တစ်ကိုယ်လုံးလည်း တုန်ရီလာလေသည်။

Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now