2.5K 584 6
(Unicode)
ဖျားနေသည့်အတွက် သားရဲတစ်ပိုင်းလူသားလေး၏ နားရွက်လေးများမှာ ကုပ်နေပြီး မျက်နှာလေးမှာ နီမြန်းနေကာ အလွန်အားနည်းနေဟန်ပေါ်၏။ သူ၏ပုံသဏ္ဍာန်လေးကပင် အက်ဂါအားဝမ်းနည်းစေ၏။
အက်ဂါက ထိုအကောင်ငယ်လေးအား စိတ်မကောင်းဖြစ်မိပြီးနောက် သူ၏နှလုံးသားလေးမှာ အခုန်မြန်လာကာ စိတ်ပူပန်နေရပြန်၏။
သားရဲတစ်ပိုင်းလူသားများ၏ ခန္ဓာကိုယ်မှာ မကြံ့ခိုင်ကြပေ။ ကြယ်မြို့တော်မှ သားရဲတစ်ပိုင်းလူသားလေးများ ဖျားနာကြလျှင် ကောင်းမွန်သည့်ဆေးကုသမှုခံယူပြီးမှသာ ပျောက်ကင်းကြ၏။ သို့သော် ဤအကောင်ငယ်လေးနှင့်သူက တောအုပ်ထဲမှာဖြစ်ကြ၏။
သားရဲတစ်ပိုင်းလူသားငယ်လေးမှာ ခြစ်ခြစ်တောက်ကိုယ်ပူကာ ဖျားနေ၏။ အပူချိန်ကျအောင်ပြုလုပ်သည့်နည်းလမ်းကို မစဥ်းစားနိုင်ခဲ့လျှင်...... အက်ဂါဆက်၍မတွေးဝံ့တော့ပေ။
မနေ့က ထိုအကောင်ငယ်လေး၏ဂူလေးထဲ သူလိုက်ကိုမလိုက်သွားခဲ့သင့်ပေ။ မဟုတ်သေးဘူး....မနေ့က သူလေးကိုကယ်ပြီးပြီးချင်း သားရဲတစ်ပိုင်းလူသားလေးအား ဆေးကု​ပြီးအလုပ်ရှုပ်စေမဲ့အစား သူထွက်သွားလိုက်သင့်သည်။
သားရဲတစ်ပိုင်းလူသားငယ်လေးအိပ်သည့် ကျင်းလေးက အလွန်သေးငယ်လှ၍ အက်ဂါအတွက် ဝင်ဖို့အဆင်မပြေချေ။ ထို့ကြောင့် သူ၏ခေါင်းကိုသာ ဝင်စေလိုက်ပြီး အကောင်ငယ်လေးအား ကြည့်ရှုလိုက်ရာ ထိုအကောင်ငယ်လေးက သတိလတ်လွတ် တိုးတိုးလေးရှိုက်ငိုနေသည်ကို တွေ့လိုက်ရ၏။ မျက်ရည်များ ကျပြီးရင်းကျနေ၍ အက်ဂါက ရှုရှုမျက်နှာပေါ်ရှိ မျက်ရည်စီးကြောင်းများအား လျက်ကာ ဖယ်ရှားပေးရန်ပြင်လိုက်၏။
သို့သော် ပါးစပ်ဖွင့်လိုက်ချိန်တွင် ထွက်လာသည်မှာ နှစ်ခွရှိသောမြွေလျှာသာဖြစ်လေ၏။
သူက သားရဲတစ်ကောင်ဖြစ်သွားပြီး....သားရဲလူသားမဟုတ်တော့ပေ။
အက်ဂါက သူ၏မေးစေ့ဖြင့် ကောင်ငယ်လေး၏ ပူလောင်နေသောနှဖူးကိုစမ်းကာ သူ၏နှလုံးသားထဲ ခါးသက်စွာဖြင့် ရယ်မောမိလိုက်၏။ သူက သားရဲတစ်ပိုင်းလူသားငယ်လေးနှင့် အကြိမ်ပေါင်းများစွာ ထိတွေ့ဆက်ဆံခဲ့ဖူးပြီး ထိုအကြိမ်တိုင်းလည်း အကောင်ငယ်လေးက ပစ္စည်းများချကာ ကြောက်လွန်း၍ထွက်ပြေးသွားသည်ချည်းသာ။ ယခု သားရဲတစ်ပိုင်းလူသားငယ်လေးက မေ့မြော​နေ၍ သူထိုအကောင်ငယ်လေးအနား ကပ်နိုင်ခြင်းဖြစ်၏။
Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now