Part-30(Unicode)

1.4K 155 7
                                    

မှန်ရှေ့မှာထိုင်ပြီး နာရီဝက်ကျော်ကြာပြင်ဆင်ခြယ်သနေသူကို လင်းလက်ကြယ်ကကုတင်ပေါ်မှာထိုင်ပြီးသာကြည့်နေမိသည်။

ဒီအမျိုးသမီးဟာလေ ဘာမှလိမ်းမထားတဲ့မျက်နှာရှင်းရှင်းလေးနဲ့လှနေတာတောင်မှ အချိန်အကြာကြီးယူပြီး ပြင်ထားသေးတယ်။ နဂိုရှိနေတဲ့အလှအပေါ်မှာမှ ထပ်ပြီးအလှတရားတွေပေါင်းထည့်ထားတယ်။ 21 ရာစုနှစ်ရဲ့ မိုနာလီဇာပါလို့ ​တင်စားရလောက်အောင် တကယ်လှတယ်။

ဟင်း....။

သဘောကျခြင်းတွေကိုမှ ဝင်ရောက်စွက်ဖက်လာတဲ့ သဝန်တိုစိတ်ကိုသက်ပြင်းရှည်တစ်ချက်ချပြီးတော့သာ မြိုသိပ်လိုက်သည်။ မိုနာလီဇာကို သဘောကျပါတယ်ဆိုပြီး ဗီဒိုထဲထည့်ဖွက်ထားလို့မှမရဘဲဟာ။

'ဒီနေ့တော့ နေ့တာရှည်တော့မယ်ထင်ပါရဲ့ဟင်း..'

ဒုတိယတစ်ကြိမ်ချလိုက်တဲ့သက်ပြင်းကိုတော့ သတိထားမိသွားတယ်ထင်ပါရဲ့။ မှန်ကိုတစ်ဆင့်ခံပြီး လင်းဆီ အကြည့်တွေရောက်လာလေသည်။ထင်ထားတဲ့အတိုင်းပဲရိုးရိုးတန်းတန်းမဟုတ်ဘူး။

မှန်ကိုကြားခံထားပြီး အချင်းချင်းစိုက်ကြည့်နေကြတဲ့ မျက်ဝန်းနှစ်စုံမှာ တစ်ယောက်ယောက်ကတော့အရှုံးပေးရမည်ဆိုတာ သိထားသည်။ ဒီအကြည့်တွေမှာမရှုံးချင်ဘူး။ ဒါပေမယ့်လည်း ရှုံးသွားခဲ့ပါတယ်။ ပထမဆုံးအကြိမ်မဟုတ်တော့တဲ့ နေသားတကျပြိုလဲခြင်းတွေပါပဲပေါ့။

ဟင်း...။
တတိယအကြိမ်။ တောင်းဆိုခွင့်သာရမယ်ဆိုရင် အဲ့ဒီမျက်ဝန်းတွေကိုအပိုင်လိုချင်သည်။

'ကြယ် အစ်မတို့အဲ့ကိစ္စပြောပြီးပြီနော်'

'အင်း ပြောပြီးပြီ'

ကွဲထွက်သွားတဲ့လမ်းကြောင်းတွေအကြောင်း ဆွေးနွေးကြည့်တော့ စာချုပ်ကိုအစ်မတို့ချိုးဖောက်လို့မရဘူးတဲ့။ စာရွက်သက်သက်ပဲလေလို့ ​ချေပတော့ လင်းလက်ကြယ်ဟာ ကပ်သီးကပ်ဖဲ့ပြောတတ်တဲ့လူပဲဟု အမည်တပ်ခံရရော။

လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကမှ ပြည့်သွားခဲ့တဲ့ တစ်နှစ်ခွဲ စာချုပ်ကြောင့်ပဲ နှစ်ယောက်ကရှေ့ဆက်ပြီးအတူရှိနေနိုင်တော့မှာမဟုတ်ဘူး။ စိတ်အဆင်မပြေတိုင်း ချောကလက်တွေစားပြီးဖုံးကွယ်တတ်တဲ့ အမျိုးသမီးကိုအရိပ်တကြည့်ကြည့်နဲ့ ဘေးနားကနေလိုက်မဖြည့်ဆည်းပေးနိုင်တော့ဘူး။ ဘယ်လောက်တောင် တုန်လှုပ်စရာကောင်းလိုက်လေခြင်းလဲ။

SoulWhere stories live. Discover now