Part-35(Unicode)

1K 112 5
                                    

ကောင်းကင်ပြာသည် ပုံမှန်ထက်ပို၍ တိမ်တိုက်ကင်းစွာ ကြည်လင်နေသည်။ နေရောင်ခြည်က လေထုအလွှာအမျိုးမျိုးကိုဖြတ်ကျော်ပြီး ကမ္ဘာမြေပြင်ပေါ်သို့ ဖြာတန်းကျရောက်ရင်း အလင်းရောင်ပေးစွမ်းနေသည်။ နေ့လည်နေ့ခင်းဖြစ်တာကြောင့် ကျေးငှက်တို့ဆီအော်မြည်သံကိုကြားရရုံမှအပ အရာရာအေးချမ်းစိတ်ငြိမ်လို့နေသည်။

ထိုသို့သော တိတ်ဆိတ်ငြိမ်သက်မှုမျိုးနှင့် မလိုက်ဖက်စွာ ဂဏှာမငြိမ်ပြေးလွှားလှုပ်ရှားနေသည့် လူအနည်းငယ်ရှိသည်။ ထိုလူတို့သည် အခန်းတစ်ခု၏အပြင်ဘက်တွင်ရပ်ပြီး တစ်စုံတစ်ရာကို စိုးရိမ်ပူပန်ရင်း အခန်းအတွင်းကထွက်လာမည့် လူကိုစောင့်မျှော်နေကြသည်။ သို့သော် သူတို့စောင့်နေတာ နှစ်နာရီကျော်ကြာသည့်တိုင် အခန်းအတွင်းကမည်သူမျှထွက်လာခြင်းမရှိသေးဘဲ ပစ္စည်းကျကွဲသံတွေကိုသာ တရစပ်ကြားနေရသည်။

'ဒိုင်း..'

ကျယ်လောင်စွာထွက်ပေါ်လာသည့် သေနတ်သံတစ်ချက်အဆုံးတွင် ဝတ်စုံပြည့်ဝတ်ထားသည့် အမျိုးသမီးနှစ်ဦးထဲက တစ်ဦးကအရှေ့သို့ထွက်လာပြီး

'မရွန်းပပ..ကျွန်မတော့ သည်းမခံနိုင်တော့ဘူး။ ဝင်ပြီးတားတာဖြစ်ဖြစ်၊ အခြေအနေကြည့်တာဖြစ်ဖြစ် တစ်ခုခုလုပ်မှဖြစ်တော့မယ်'

'ဝင်သွားမလို့လား။ ဒီလိုနဲ့အားလုံးသေကုန်လိမ့်မယ်'

'မဝင်ရင်ဘာလုပ်မှာလဲ။ အထဲကတစ်ယောက်ယောက်သေတာကို ရပ်စောင့်နေရမှာလား။ အဲ့ဒီသေတဲ့လူက Yue Mirasan ဆိုတာသိသိရက်နဲ့လေ'

'ဘာသံကြားကြား ဝင်မလာနဲ့လို့ပြောထားတယ်လေ'

ဖြိုးသီရိဝင်သွားဖို့ ခြေလှမ်းပြင်နေစဉ်မှာပဲ ဦးကောင်းဆက်၏အတွင်းရေးမှူး ရွှန်းပပဆီမှ တားမြစ်သံကိုနောက်ကျောဘက်မှကြားလိုက်ရသည်။ ထို့ကြောင့် အနောက်ကိုလှည့်ကြည့်ကာ

'ဒီမှာ လူသတ်မှုဖြစ်ရင် ရှင်လည်းတရားခံပဲ'

ထိုမျှပြောကာ အသက်ကိုပြင်းပြင်းရှူလိုက်ရင်း ဆူညံသံတွေလာရာအခန်းဝရှေ့တွင်ခြေစုံရပ်ပြီး တံခါးကိုဆွဲဖွင့်လိုက်ချိန်တွင် အနောက်ဘက်မှ 'ဟင်''ဟာ'ဆိုသည့် အာမေဍိတ်မြည်သံတွေ တစ်ခုချင်းထွက်ပေါ်လာပြီး သူမကိုယ်တိုင်လည်း ပါးစပ်ကိုလက်ဖြင့် ယောင်ယမ်းပိတ်လိုက်သည်။

SoulOù les histoires vivent. Découvrez maintenant