Part-51 (Unicode)

624 72 14
                                    

မြန်မာနိုင်ငံပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲမိတ်ဆွေတစ်ယောက်ရဲ့ ကလေးမွေးနေ့ဖိတ်ခံထားရလို့ လက်ဆောင်အတွက်ကလေးကစားစရာဆိုင်ရောက်လာပေမယ့် ဘာဝယ်ရမှန်းမသိတာကြောင့်လျှောက်ပတ်ကြည့်နေလိုက်တယ်။ လင်းလက်ကြယ်က နဂိုကတည်းက ကလေးပေါက်စတွေနဲ့တရင်းတနှီးမရှိတတ်တော့ ခြောက်နှစ်အရွယ်ကောင်လေးတွေ ဘာကြိုက်တတ်မှန်းသေချာမသိဘူး။

လက်ကောက်ဝတ်က နာရီကိုကြည့်တော့ သူမဆိုင်ထဲရောက်တာ မိနစ်နှစ်ဆယ်ဝန်းကျင်ရှိနေပြီ။ အခုထိ အရုပ်တစ်ရုပ်ကိုမှ မရွေးချယ်ရသေးဘူး။

လင်းလက်ကြယ်က ဆိုင်ထဲလျှောက်ပတ်ရင်း တစ်နေရာအရောက်မှာ ရပ်ပြီးသူမကိုကျောပေးကာခုန်စွခုန်စွလုပ်နေတဲ့သက်ရှိသေးသေးလေးကို ကြည့်ပြီးပြုံးလိုက်မိတယ်။ လူလေးကလက်တောက်လောက်ကလေးနဲ့ မမှီမကမ်းစင်ပေါ်က ယုန်ရုပ်ကလေးကိုမှ ခုန်ခုန်ယူနေတာမဟုတ်လား။ အောက်မှာလည်း ပုံစံတူ ယုန်ရုပ်တွေအများကြီးရှိရဲ့သားနဲ့ဟာ။ ပြီးတော့ အဲ့ဒီသက်ရှိလေးက ခုန်ရုံနဲ့မပြီးသေးဘူး။ ပါးစပ်ကလည်း အအအိအိထွက်သေးတာ။

'ဟိတ်'

ကြည့်နေရတာ မတတ်သာတော့တာနဲ့ ခါးကိုအနည်းငယ်ကိုင်းညွတ်ကာ ပုခုံးသေးသေးလေးကို ဖွဖွလေးသွားပုတ်တော့ သူမကိုလှည့်ကြည့်လာတယ်။ တော်သေးသည်။ အသံအရင်ပေးထားသည်မို့ ကြောက်လန့်သွားသည့် အရိပ်အယောင်မပေါ်။

'ချောလိုက်တာ'

ကလေးပေါက်စရဲ့မျက်နှာကိုမြင်မြင်ချင်း ပါးစပ်ကအမှတ်မထင်ထွက်သွားသည့်စကားမို့ ကိုယ့်ကိုယ်ကိုတောင် လန့်သွားရသည်။ ဒါပေမယ့် ပြောလည်း ပြောချင်စရာလေးပါပဲ။

ဖြောင့်စင်းနေသည့်ဆံပင်ကိုကျောထက်မှာချထားပြီး မျက်နှာနားတစ်ဝှိုက်ကဆံပင်အချို့ကိုနားရွက်နောက်သိမ်းထားသေးသည်။ လှုပ်ရှားမှုကြောင့် နဖူးတဝှိုက်တွင် ချွေးလေးတွေစို့နေပေမယ့် သာမန်ထက်ဖြူသည့်အသားအရေကြောင့် ပါးပြင်လေးကပန်းရောင်သန်းနေတယ်။ ပြီးတော့ ထိုပါးပြင်လေးနဲ့ လိုက်ဖက်ညီတဲ့ နှုတ်ခမ်းရဲလေးရယ်၊ နှာတံစင်းစင်းလေးရယ်၊ ညီညာနေတဲ့ မျက်ခုံးမွှေးခပ်ပါးပါးလေးရယ်..။ ထို့နောက်တွင်တော့..အရွယ်နှင့်မလိုက်အောင် လှပပြီး ထက်မြတ်ဟန်ရှိသည့် မျက်ဝန်းတစ်စုံ..။

SoulWhere stories live. Discover now