Part-43(Unicode)

847 73 14
                                    

'မမနဲ့သူက ဘယ်လိုဆက်ဆံရေးလဲ'

'သူလား'

ဆန်ပြုတ်ဖြူကိုပဲ အဆက်မပြတ်မွှေနေတဲ့ဇွန်းက ရပ်တန့်သွားချိန်မှာ Mizuki ရဲ့နှလုံးအိမ်ဟာလည်း မြေပြင်ပေါ်ကို ပြုတ်ကျသွားခဲ့သည်။

သူသိပြီးပြီ..။ ဒီဆက်ဆံရေးကို သူသိပြီးပြီလေ။ ဒါပေမယ့် မမနှုတ်ကထွက်တဲ့စကားကို အတည်ပြုရဦးမယ်။ အဲ့တာတွေကလိမ်ညာတဲ့စကားလုံးတွေဖြစ်နေရင်တောင် မျက်လုံးစုံမှိတ်ပြီး သူယုံကြည်ချင်တယ်။

'အင်း'

ခေါင်းကို ငြိမ့်ချလိုက်မိတယ်။ သူအဲ့လိုလုပ်လိုက်မှ မမက သူဘေးမှာထိုင်နေတဲ့ မိန်းမကို မေတ္တာတွေယိုဖိတ်နေတဲ့ မျက်ဝန်းတွေနဲ့ငဲ့စောင်းကြည့်တယ်။ အရုပ်ဆိုးလိုက်တာ..။ မမရဲ့မျက်ဝန်းတွေမဟုတ်ပါဘဲ ဒီအခြေအနေက သူ့အတွက် အလွန်ပဲအရုပ်ဆိုးလွန်းတယ်။

'သူက မမရဲ့ချစ်သူလေ'

တုန့်ဆိုင်းနေမှုတောင် မရှိတာက သူ့ကိုနောင်တရစေတယ်။ သူ့မေးခွန်းကိုဖြေပြီးပြီးချင်းနှုတ်ခမ်းထောင့်အစွန်းလေး ကွန့်ညူးသွားတော့ ပိုနောင်တရမိတယ်။ သူမမေးခဲ့သင့်ဘူး။

'စနေတာမဟုတ်လား'

လိမ်ညာဖို့အတွက် နောက်တစ်ကြိမ်အခွင့်ပေးလိုက်တယ်။ အခုအချိန်မှာ အမှန်တရားဟာ သူ့ကိုတုန်လှုပ်စေနိုင်တဲ့ တစ်ခုတည်းသောအရာပဲ။

လိမ်ညာစမ်းပါမမရာ..။ မမနှုတ်သမျှထွက်သမျှ ယုံကြည်နေမယ့်သူမို့ အမှန်တရားတွေ မဖွင့်ဟလည်း နစ်နာစရာမရှိပါဘူး။

'လင်းလက်ကြယ်က မမရဲ့လက်တွဲဖော်လိုချစ်ရတဲ့ ချစ်သူမိန်းကလေး'

ထမင်းစားပွဲအောက်ကနေ လှုပ်သွားတဲ့လက်ကလေးရဲ့အရိပ်က ပြီးပြည့်စုံတဲ့အဖြေစကားနှင့်အတူ တရိပ်ရိပ်ပြေးလွှားနေတာ သိရတော့ အတွေးကမ္ဘာဟာ ချာချာလည်ပြီး မူးမိုက်သွားရတယ်။

ဘာလို့လဲ။ သတ္တိရှိပြရလောက်တဲ့အထိ သူ့အတွက်မှမလိုအပ်တဲ့ဟာ။

'မမက မိန်းမအချင်းချင်းကြိုက်တဲ့လူလား'

နှင်းတွေကျနေတဲ့ ဆောင်းရာသီအလယ်မှာ အနွေးထည်မပါဘဲ လမ်းမမှာရပ်နေတဲ့လူတစ်ယောက်လိုမျိုး သူ့နှုတ်ခမ်းတွေတုန်ယင်လာတယ်။ အဲ့လောက်ထိ သရုပ်မပျက်ကြဖို့ ဦးနှောက်က သတင်းပေးတာပဲ။ ဒါပေမယ့် အသိစိတ်က နှုတ်ခမ်းတွေဆီ ပို့မယ့်သတင်းကို လမ်းတစ်ဝက်မှာတင် ဖြတ်လုသွားတယ်။

SoulWhere stories live. Discover now