Part-36(Unicode)

1K 119 14
                                    

'လာဗင်ဒါ ..အဲ့တာတော့မလုပ်ရဘူးနော်'

Yue Mirasan ကအိပ်ခန်းဝမှာရပ်ပြီး ရင်တထိတ်ထိတ်နှင့်ဖြစ်နေသည်။ Yue Mirasan အကြည့်စိုက်နေသည့်အိပ်ခန်းရဲ့ မှန်တင်ခုံထက်မှာ အမွှေးပွပွနှင့် ကြောင်ဖြူလေးက သခင်ဖြစ်သူရဲ့အသံကြားလို့ တညောင်ညောင်နှင့် အော်မြည်လာသည်။

'အဲ့ဒီရေမွှေးပုလင်းကစျေးကြီးတယ်နော် လာဗီရေ...။ ခွဲလိုက်လို့မဖြစ်ဘူးနော်..နော်သမီးလေး'

လာဗင်ဒါအကြောင်းသိလို့ ရေမွှေးပုလင်းကိုအံဆွဲထဲထည့်သိမ်းတတ်ပေမယ့် မနက်ကအရေးကြီးဖုန်းလာတာကြောင့် ထည့်ဖို့မေ့ပြီးခုံပေါ်မှာပဲ ဒီအတိုင်းတင်ထားခဲ့မိတာ။ အခုသတိရလို့ ပြန်လာသိမ်းမယ်လုပ်တော့ ကြောင်ဖြူလေးကသူ့ထက်အရင်ခြေလှမ်းစောနေပြီးဖြစ်သည်။

Yue Mirasan ကသူ့ချစ်သူမိန်းကလေး လက်ဆောင်ပေးထားသည့် ကြောင်ဖြူလေးဆီသို့ ခြေတစ်လှမ်းခြင်း သတိထားပြီးတိုးကပ်သွားသည်။ သို့ပေမယ့် နဂိုကတည်းက ကြောင်ရေလည်နေသည့် လာဗင်ဒါခေါ် လာဗီက သူ့သခင်မတိုးကပ်လာတိုင်းမှာ လက်ကိုအရှေ့ထုတ်ပြီး ရေမွှေးပုလင်းကို ခုံအစွန်းဘက်ကို တွန်းတိုးပို့သည်။

အခြေအနေမဟန်တော့မှန်းသိသည့် အမျိုးသမီးက ရောက်ရာနေရာမှာခြေလှမ်းရပ်လိုက်ပြီး ရေမွှေးပုလင်းကိုဘယ်လိုကယ်ရမည်ဆိုတာ အသည်းအသန်အဖြေထုတ်နေသည်။

'မာမီ သမီးကို ဝိတ်မချခိုင်းတော့ဘူးလေ။ ကတ်ဖုတွေစိတ်ကြိုက်ကျွေးမယ်လေ..နော် လာဗီလေး'

ဝိတ်ချဖို့အတွက် အစာချင့်ချိန်ကျွေးမိတာကိုမကျေနပ်၍ လက်စားပြန်ချေသည်လားမသိ။ ရန်ခုန်အောင်သိပ်လုပ်နိုင်တာက လင်းလက်ကြယ်တစ်ယောက်တည်းမဟုတ်တော့ကြောင်း နားရွက်ထောင်ထောင်နှင့် သတ္တဝါလေးကအသိပေးနေသည်။

'လာဗီ..'

ခေါ်သံတောင်မဆုံးလိုက်ရ။ မှန်တင်ခုံပေါ်ကနေ လက်တစ်ထွာအရွယ်ရေမွှေးပုလင်းလေး ပျော်ရွှင်စွာခုန်ပေါက်ဆင်းသွားတာကို Yue Mirasan က ဘုရားတရင်းအားပေးကြည့်ရှူနေသည်။

'ပျော်သွားပြီလား သမီး။ မာမီ့ပိုက်ဆံတွေကို တစ်ယောက်တည်းနဲ့အများကြီးဖြုန်းပစ်နိုင်တာ ပျော်တယ်မဟုတ်လား'

SoulWhere stories live. Discover now