Part-49

122 6 1
                                    


ကားစီယာရင်မှာ လက်နှစ်ဖက်စလုံးကို အလုပ်ပေးထားပေမယ့် Yue Mirasan ရဲ့အကြည့်တွေက ရှေ့တည်တည့်က ကားလမ်းမမှာမရှိဘူး။ သူမအကြည့်တွေက ဘေးဘက်က လူသွားလမ်းဆီမှာပဲရှိနေတယ်။

လမ်းလျှောက်နေတဲ့လူတွေ၊ ပြေးနေတဲ့လူတွေကြားထဲမှာ ပန်းရောင်ဆံနွယ်ပိုင်ရှင် မိန်းကလေးငယ်ကိုတွေ့လိုတွေ့ငြားလိုက်ရှာနေသည်။

'တောင်းပန်ပါတယ် Zuki ရယ်။ မမဆီက ထွက်မသွားပါနဲ့'

ပါးပြင်ပေါ်မပြတ်ကျနေသည့် မျက်ရည်တွေကိုပင်မသုတ်နိုင်တော့ဘူး။ Yue Mirasan ရင်ထဲမှာအတော်လေးကိုပူလောင်နေပြီ။

ယာဉ်မျိုးစုံ၊ လူမျိုးစုံနဲ့ ရှုပ်ယှက်ခတ်နေသည့် ရန်ကုန်လိုနေရာမျိုးက မြန်မာစကားတစ်ခွန်းတောင်မတတ်သည့် မိန်းကလေးတစ်ယောက်အတွက်ဘယ်လောက်တောင် ထိတ်လန့်ဖွယ်ရာဖြစ်လိုက်မလဲ မတွေးရဲတော့ဘူး။

ဗိုက်များဆာနေမလား။ ရေများသောက်ချင်နေမလား။ ပြီးတော့ ထီးမပါ၊ အပေါ်ဝတ်မပါနဲ့ ရန်ကုန်ရဲ့ နေပူဒါဏ်ကို ထိုကလေးခံနိုင်မယ်တဲ့လား။လူလေးက နုနုနယ်နယ်လေးရယ်။ မကြာမကြာလည်းဖျားနာတတ်သေးတာ။

သူမအမှားပါ..။ ဘယ်လိုစိတ်ဆိုးဆိုး ဒီလိုတော့ မပြုမူလိုက်သင့်တာ။ တကယ်ပါ၊ သူမ မှားသွားတာ။

Mizuki ဆီမှာ ပိုက်ဆံအိတ်ကော ဖုန်းကောပါမသွားတာကြောင့် ဝေးဝေးလံလံတော့ မရောက်နိုင်။ သို့ပေမယ့် တစ်နာရီကျော်ကြာသည်အထိ ဗဟန်းမြို့ထဲ လူသုံးယောက် ခွဲပြီး မနားတမ်းပတ်ရှာနေတာတောင် အရိပ်အယောင်မတွေ့ရသေးတာကြောင့် Yue Mirasan ကကားကို လမ်းဘေးထိုးရပ်ပြီး ငိုချချင်နေပြီ။

'မမကို စိတ်ဆိုးရင်တောင် ဒီလိုတော့ မလုပ်ပါနဲ့ Zuki ရယ်။ မမတောင်းပန်ပါတယ်ကွယ်..။ ကျေးဇူးပြုပြီး..ကျေးဇူးပြုပြီး ဒီလိုတော့ မနှိပ်ဆက်ပါနဲ့..'

ရှိုက်ငင်ကာ ငိုချမိပေမယ့် Yue Mirasan က ကားကိုဆက်မောင်းနေတုန်းပဲ။ အဆက်မပြတ်ကျနေသည့် မျက်ရည်စတွေကြောင့် အမြင်အာရုံဟာဝေဝါးနေသော်လည်း သူမယခုအချိန်မှာ စိုးရိမ်တာ Mizuki Hirano ပဲ။ ဘယ်လိုအခြေအနေရောက်ရောက် Yue Mirasan က ပန်းရောင်တွေကိုမမြင်ရမချင်း ကားကိုရပ်မှာမဟုတ်ဘူး။

SoulOpowieści tętniące życiem. Odkryj je teraz